“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, December 2, 2012

အခြားသူများနှင့်ယှဉ်လျှင် ပင်ပန်းရက်တာရှည်နေပါက

တခြားသူတွေနဲ့ယှဉ်ရင် ပင်ပန်းမှုဒဏ်ကို ပိုမိုခံစားလွယ်နေရင်၊ အနားယူတာတောင် ပင်ပန်းမှုမှ သက်သာမလာဘူးဆိုရင် ဒီအခြေအနေကို တာရှည်ပင်ပန်းတဲ့ ရောဂါလက္ခဏာစု (Chronic Fatigue Syndrome) လို့ သတ်မှတ်ထားပါတယ်။
တာရှည်ပင်ပန်းနေကြောင်း ဖော်ပြသော လက္ခဏာရပ်များ
- တာရှည်ပင်ပန်းနေတာကို အဓိက လက္ခဏာတွေအနေနဲ့ အောက်ပါအတိုင်း တွေ့ရပါတယ်။
- ညောင်းညာခြင်း
- မှတ်ဉာဏ် ဒါမှမဟုတ် အာရုံစိုက်နိုင်စွမ်းကျဆင်းခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်းနဲ့ ချိုင်းကြားမှာ ပြန်ရည်ကျိတ်များရှိကာ နာခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ရောင်ရမ်းနီမြန်းခြင်းမရှိဘဲ နာကျင်မှုဟာ အဆစ်တစ်နေရာမှ တခြားနေရာကို ရွေ့သွားခြင်း
- ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း
- အိပ်ချင်မူးတူးဖြစ်ခြင်း
- ၂၄ နာရီကျော်တဲ့အထိ အလွန်အမင်း ပင်ပန်းနေခြင်း
တခြားလက္ခဏာရပ်တွေအနေနဲ့ အောက်ပါတို့နဲ့ တွဲဖော်တွေ့ရတတ်ပါတယ်။
- ဗိုက်နာခြင်း
- အစားအသောက်၊ အရက်၊ အနံ့၊ ဓာတုပစ္စည်း၊ ဆေးဝါးနဲ့ ဆူညံသံတို့နဲ့ ဓာတ်မတည့်ခြင်း
- လေပွခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချောင်းဆိုးရက်ကြာခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း
- မူးဝေခြင်းနဲ့ ဟန်ချက်မညီခြင်း
- ပါးစပ်ခြောက်ခြင်း
- နားကိုက်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
- မေးရိုးနာခြင်း
- ပျို့ချင် အန်ချင်ခြင်း
- ချမ်းတုန်ဖျားခြင်းနဲ့ ညဘက်ချွေးထွက်များခြင်း
- စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
- အသက်ရှူမဝခြင်း
- အမြင်ဝေဝါးခြင်း၊ မျက်စိညောင်းခြင်းနဲ့ မျက်စိခြောက်သွေ့ခြင်း
- ကိုယ်အလေးချိန်ကျခြင်းနဲ့ တက်ခြင်း
တာရှည်ပင်ပန်းခြင်း ခံစားရသော အကြောင်းရင်းများ
နာတာရှည်ဝေဒနာတွေ အားလုံးအနက် နာတာရှည်ပင်ပန်းခြင်းဖြစ်ရတဲ့ လက္ခဏာစုဟာ ရောဂါရှာဖွေရ ခက်ခဲနက်နဲတဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ …
- စိတ်ဓာတ်ကျခြင်း
- သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ
- သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း
- ဓာတ်မတည့်မှု အခြေခံပြဿနာရှိခြင်း
- ဗိုင်းရပ်စ် ကူးစက်ခံရခြင်း
- ခုခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းခြင်း
- ဟိုက်ပိုသားလမတ်စ်၊ ပီကျူထရီဂလင်းနဲ့ အင်ဒရီနယ်ဂလင်း တို့မှထုတ်တဲ့ ဟော်မုန်းပမာဏပြောင်းလဲခြင်း
- သွေးပေါင်ကျခြင်း
- ကိုယ်ခံအားစနစ် မကောင်းလို့ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- အာရုံကြောစနစ်လမ်းကြောင်း ရောင်ရမ်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
တာရှည်ပင်ပန်းခြင်း ဖြစ်နိုင်ခြေများသူများ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တာရှည်ပင်ပန်းနိုင်ခြေ အနည်းဆုံး လေးဆ ပိုဖြစ်လွယ်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ အရွယ်ရှိသူတွေဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ခံစားရတတ်တဲ့ တာရှည်ပင်ပန်းမှု ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သေသေချာချာ မသိကြသေးပါဘူး။ တာရှည်ပင်ပန်းခြင်းကြောင့် အလုပ်ပျက်ခြင်း၊ အထီးကျန်ဖြစ်ခြင်းနဲ့ အရာရာမှာ သူများတွေလို မလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်လာနိုင် ပါတယ်။
တာရှည်ပင်ပန်းနေသူတို့အတွက် ဘဝနေထိုင်မှုပုံစံ
ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။
၂။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်တာဟာ တာရှည်ပင်ပန်းမှုမဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းကောင်းပါ။ အိပ်ချိန်အလုံအလောက်ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက်လေ့ကျင့်ပါ။
၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့်ပြုလုပ်သွားပါ။ ပုံမှန်အားကစားလုပ်တာဟာ တာရှည်ပင်ပန်းနေတာကို ပြေပျောက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေသလို လုပ်ဆောင်ပေးပါ။
၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ
တချို့နေ့တွေမှာ ခန္ဓာကိုယ်အင်အားနဲ့မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။
၅။ ကျန်းမာရေးနဲ့ အညီနေပါ
ကောင်းမွန်တဲ့ အစားအသောက်စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝအနားယူပါ။ ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာအတွက် အချိန်ပေးပါ။
၆။ အပ်စိုက်ကုထုံး
အပ်စိုက်ကုထုံးဟာလည်း တာရှည်ပင်ပန်းခြင်းနဲ့ ဆက်စပ်နေတဲ့ ညောင်းညာခြင်း၊ ကိုက်ခဲခြင်းနဲ့ ပူပန်သောကတို့ကို သက်သာလျော့ပါးစေပါတယ်။

Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A516102&xgs=1&xg_source=msg_share_post

No comments:

Post a Comment