“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 18, 2012

တာဝတိံသာနတ်ပြည်ဖြစ်ပေါ်လာပုံနှင့် သိကြားမင်းအကြောင်း

တာဝတိံသာ နတ်ပြည်နဲ့ စတုမဟာရာဇ်နတ်ပြည် (၂) ပြည်ကို အုပ်ချုပ်စိုးစံရပုံ

သိကြားမင်း (ကိုမာဃ)နဲ့ သူ့ရွာသူရွာသားများ နတ်ပြည်ရောက်တော့ တာဝတိံသာ နတ်ပြည်ရယ် လို့ မရှိသေးပဲ မြင့်မိုရ်တောင်ထိပ်ကနေ အောက်အထိ အသူရာဆိုတဲ့ နတ်တွေက ကြီးစိုးနေကြ သည်။ ခေါင်းဆောင်ဖြစ်တဲ့ ဝေပစိတ္တိနတ်မင်းကြီး အမှူးပြုတဲ့ အသူရာနတ်တွေကသာ အုပ်စိုးနေ ကြသည်။ ထိုအသူရာနတ်များသည် ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း ကာမဂုဏ်တွေကို ခုံမင်ခံစားတတ် သော နတ်များဖြစ်သည်။ အထူးအားဖြင့် သေရည်သေရက်တို့အား အလွန်အမင်း ခုံမင်ကြလေ သည်။

အသူရကာယ်ကို ပိုင်းကြည့် ရင် (၂) မျိုး ရှိပါတယ်။ ပြိတ္တာ အသူရာနဲ့ နတ် အသူရာ တို့ဖြစ်ကြ ပါတယ်။ အသူရကာယ်ရဲအဓိပ္ပါယ် အစိုးရမှု ၊ ပျော်ပါးမြူးထူးမှုတို့လွန်ကဲခြင်းကြောင့် နတ်ကဲ့သို့ ကိုယ်ရှိန်ဝါ မတောက်ပသော သတ္တ၀ါများ ဖြစ်ပါတယ်။ အသူရကာယ်ဘုံမှာနေတဲ့ အများစုက ပြိတ္တာ တွေ ဖြစ်ပြီးတော့ သူတို့ နေရာဟာ သူတို့ရဲ့ဘုံပဲ၊ အတည်တကျ မရှိဘူး။ ပေတ ၀တ္တုတွေ မှာပါတဲ့ ပြိတ္တာ အမျိုးအစားကြီး (၄) မျိုးထဲမှာ ကာလကဉ္စိက ပြိတ္တာ အမျိုးအစားတွေ ဖြစ်ပါတယ်။ ပင်လယ်၊ မြစ် ၊ ချောင်း ကမ်းခြေတွေမှာ အနေများကြတယ်။ ဒါကြောင့် တချို့ပါဠိတော်တွေမှာ ပြိတ္တာနဲ့ အသူရကာယ်ကို ပေါင်းပြီး အပါယ်(၃) ပါးလို့ပဲ ဟောထားတာတွေ ရှိတယ်။ နတ်ဖြစ်လိုက် ပြိတ္တာဖြစ်လိုက် ဝေမာနိက ပြိတ္တာအသူရာ ဆိုတာလည်း ရှိသေးတယ်။


နတ်တွေ ဖြစ်ပြီး ဒီအသူရာတွေက ဘာလို့ ဒီတာဝတိံသာမှာ နေကြလဲဆိုရင် ကမ္ဘာတစ်ခုစပျက်တဲ့ အခါ ဒုဗ္ဘိကန္တာရ ကပ်နဲ့ သေသူတွေ ဟာ နတ်ပြည်ကို များများရောက်ကြတယ်။ အဲဒီ့ကာလမှာ သတ္တ၀ါတွေအားလုံး ငတ်နေကြတော့ သနားစိတ်နဲ့ ကိုယ့်မှာရှိတာလေး ခွဲဝေကျွေးတာဟာ ဒါနဖြစ် လာပြီး ကောင်းမှုပြုသလို ဖြစ်နေလို့ပါပဲ ။ လုံးဝပျက်ပြီဆိုရင်တော့ ဗြဟ္မာ့ပြည်ကိုပဲ ရောက်ကြရပါ တယ်။ နောက်တော့မှ နတ်ပြည်တွေကို ပြန်ရောက်လာကြတယ်၊ သိကြားမင်းတို့ တာဝတိံသာကို ရောက်တဲ့ ကာလဟာ အဲဒီလို ကမ္ဘာတစ်ခု ပြန်ဖြစ်တဲ့ ကာလဖြစ်ပါတယ် ။

အသူရာနဲ့ သိကြားမင်း (ဦးမာဃ)တို့ ဇာတ်လမ်းတွေကိုတော့ ဓဇဂ္ဂသုတ် မြန်မာပြန်ကို အသေ အချာ ဖတ်ရင် ကြားဖူးသိဖူးကြပါလိမ့်မယ်။ အသူရာနတ်တွေကို ပုဗ္ဗဒေ၀ါ လို့လည်း ခေါ်တယ်။ ရှေးဦးစွာ ရှိသောနတ်များ လို့ လည်း ဆိုတယ်။ မြင်းမိုရ်တောင် တည်လာကတည်းက အစဦးဆုံး နေသူတွေမို့လို့ ပုဗ္ဗဒေ၀ါလို့ ခေါ်တာလည်း ဖြစ်ပါတယ်။ နောက်တမျိုးကတော့ အသူရာ ဆိုတာ သူရက သတ္တိ၊ ရဲရင့်ခြင်း၊ အ -က .မရှိ၊ မ။ သူရာ ဆိုတဲ့ သေရည်၊ သေရက်ကို သောက်လွန်းလို့ အသူရ -သတ္တိ၊ ရဲရင့်ခြင်း မရှိသောသူတွေလို့ ခေါ်ပါတယ်။


ဦးမာဃတို့ သေတာနဲ့ မြင်းမိုရ်တောင်ထိပ်ကို ရောက်တော့ အသူရာတွေက မူးနေကြတယ်။ အမူးသမားတွေနဲ့တော့ အတူမနေနိုင်ဘူး ဆိုပြီးတော့ အသူရာတွေကို မြင့်မိုရ်တောင်ခြေ ပင်လယ်ကမ်းစပ်က လက်ပံတောကို ပစ်ချလိုက်ကြတယ်။ အသူရာနတ်တွေ အမူးပြေတော့ ပင်လယ်ကမ်းစပ်၊ ဆားငံရည်နဲ့ ဆားနံ့တွေကိုရတဲ့အခါ ၊ ဆားဓာတ်ပါတဲ့လေတွေ တိုက်တဲ့ အခါ သူတို့ ကိုယ်မှာ စပ်ဖျင်းဖျင်းဖြစ်ပြီး အားလုံး အမူးပြေလာကြတယ်။

ဟာ…ဒါငါတို့ နတ်ပြည် မဟုတ်ဘူး။ ဘယ်ကောင်တွေ တို့နတ်ပြည်ကို လုသွားလဲ ...ဆိုပြီး ကြည့်လိုက်တော့ ဦးမာဃတို့က တာဝတိံသာကို သိမ်းပိုက်ပြီး စံမြန်းနေတာကြောင့် စစ်ပြန်လာ တိုက်တယ်။ သိကြားမင်းဦးမာဃတို့က သတိရှိတော့ အသူရာတွေ စစ်ရှုံးတယ်။ ဒါနဲ့ပဲ စိတ်ညစ် ညစ်နဲ့ မြင်းမိုရ်တောင်ခါးပန်းမှာတင် သောက်ကြ၊ မူးတော့အိပ်ကြပြန်တယ်။ နောက် သခွပ်ပွင့်ချိန် မှာ ပြန်လာတိုက်ပြန်တယ်။ ဒီလိုနဲ့ နှစ်တိုင်း စစ်တိုက်နေရတော့ သိကြားမင်းဦးမာဃလည်း ဒီကိစ္စကို အပြတ်ရှင်းမယ်ဆိုပြီးတော့ နောက်မှ ပေါ်လာတဲ့ စတုမဟာရာဇ် နတ်မင်းကြီး (၄) ပါးခေါင်းဆောင်တဲ့ စတုမဟာရာဇ် နတ်တွေနဲ့ ပေါင်းပြီး တိုက်ဖို့ စီစဉ်တယ်။ နောက်တခါ အသူရာတွေ လာလဲတိုက်ရော မြင့်မိုရ်တောင် အလယ်မှာက စတုမဟာရာဇ်နတ်တွေနဲ့ အရင် စတိုက်ရတယ်။ ဒီအခါမှာ သိကြားမင်းခေါင်းဆောင်တဲ့ တာဝတိံသာ နတ်တွေကလည်း ဆင်းပြီး တိုက်ကြတယ်။ ဒီမှာ အသူရာတွေကို နတ်တွေက ကြောက်နေကြလို့ သိကြားမင်းက အားပေးတဲ့ စစ်ထွက်မိန့်ခွန်းကို အကြောင်းပြုပြီး ဓဇဂ္ဂသုတ်ကို ဘုရားဟောပါပဲ ။

ဒီစစ်ပွဲမှာတော့ သိကြားမင်းတို့က အောက်ခြေအထိ လိုက်တိုက်ပြီး အသူရာခေါင်းဆောင် ဝေပစိတ္တိ အသူရာနတ်မင်းကြီးကို ဖမ်းလာတယ်။ သုဓမ္မာဇရပ် နတ်အစည်းအဝေးခန်းမရှေ့မှာ ကြိုး ငါးချောင်းနဲ့ ချည်ပြီး ဖမ်းထားလိုက်တယ်။ ဒီမှာတင် မြင့်မိုရ်တောင်က သိကြားနဲ့ အသူရာ စစ်ပွဲပြီး သွားပါတယ်။ သိကြားမင်းလဲ တာဝတိံသာနဲ့ စတုမဟာရာဇ်နတ်ပြည် (၂) ပြည်ကို အုပ်ချုပ်သူ ဖြစ်လာပါတယ်။ ဒီတော့ နတ်ပြည် (၂) ပြည်က နတ်သမီး ( ၂) ကုဋေ ၊ (၄) သန်းကို မိဖုရား မြှောက်တယ်။ အကြီးအကဲ မိဖုရားကြီး (၄) ယောက်က သူတို့ကို အုပ်ချုပ်တယ်။ ဒီလို စည်းစိမ် တွေ ကို ခံစားနေရလို့ သူ့စည်းစိမ်တွေကို လာလုမှာစိုးလို့ ပန္တုကဗ္မလာ ကျောက်ဖျာစီရင်ပြီး အကာအကွယ် လုပ်ထားတယ်။ ဥပမာ - လူတစ်ယောက်ယောက် က သိကြားမင်း ဖြစ်ချင်လို့ တရားတွေ သိပ်ကျင့်နေပြီ၊ ဆုတောင်းတွေ ပြင်းထန်နေပြီဆိုရင် ဒီကျောက်ဖျာက တင်းမာလာ တယ်။ ဒါဆို သိကြားမင်းကသိပြီး ဒီလူကို သမာဓိပျက်အောင် လုပ်တာလဲရှိတယ်။ သိကြားမင်း စည်းစိမ် မလိုချင်ဘူး။ ကိုယ့်ဟာကို သံသရာပျက်ဖို့ တရားကျင့်နေတာဆိုရင်တော့ သူက အဲဒီ့ ပုဂ္ဂိုလ်ကို ကန်တော့တယ်လို့ ဆိုပါတယ်။

သိကြားမင်းနဲ့ သေနိမိတ်များ။

သိကြားမင်းကြီးဟာ ဘုရားရှင်ရဲ့ ဗုဒ္ဓ၀င်မှာ ဘုရားဖြစ်ခါနီးကတည်းနေ နောက်ဆုံးအချိန်အထိ အရေးပါတယ်။ ဘုရားမဖြစ်ခင်မှာလည်း ကူညီတာတွေ ရှိတယ်။ ဖြစ်မယ့်ညမှာလည်း မာရ်နတ် မလာခင်အထိရှိတယ်။ ဘုရားဖြစ်ပြီး သတ္တသတာဟ (၇) ဌာနမှာလည်း သူစောင့်နေတယ်။ ဥပမာ မြတ်စွာဘုရားရှင်ဟာ ရာဇာယတန သတ္တာဟ (လင်းလွန်းပင်)၊ ဗောဓိပင်ရဲ့ တောင်ဘက် (၄၀)လံ အကွာမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာပဲ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို ဘုရားရှင် သည်းခံတော်မူပါတယ်။

နောက် မင်္ဂလသုတ် ၊ ရတနသုတ် …… စသည်များမှာလည်း သူပါပါတယ်။ ရဟန္တာကြီးတွေရဲ့ ဇာတ်တော်တွေမှာလည်း သူပါပါတယ်။ အရှင်မဟာကဿဖကို လူဟန်ဆောင်ပြီး ဆွမ်းကပ်ခဲ့ တယ်။ ဒီလို သာသနာတွင်းမှာ နေရကာမှ တချိန်မှာတော့ သိကြားမင်းက သူသေတော့မယ်လို့ စိတ်ထင်လာတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ ပုဗ္ဗနိမိတ် (၅)ပါး ပေါ်လာလို့ပါပဲ ။

ခုဒ္ဒက -၁-၂၄၇ -ဣတိဝုတ် ပါဠိတော် မှာ ဖတ်ကြည့်လို့ ရပါတယ် ။ သုခမှတ်စု (စာ-၈၂)မှာလည်း ပါပါတယ်။ မူရင်း။ ။ မာလာ မိလာယန္တိ ၊ ၀တ္တာနိ ကိလိဿန္တိ ၊ ကစ္ဆေဟိ သေဒါ မုစ္စ န္တိ ၊ ကာယေေ၀၀ဏ္ဏိယံ သြက္ကမတိ ၊ဒေဝေါ ဒေ၀ါသနေ နာဘိရမတိ ။ ( ခု - ၁- ၂၄၇ )

နတ်တို့သည် နတ်သက်ကြွေခါနီးတွင် ပုဗ္ဗနိမိတ် (၅)ပါးကို မြင်တွေ့ရပြီး သေဘေးကို အလွန် ကြောက်လန့်ကြကုန်၏ ။ သေဘေး၏ခြိမ်းခြေက်မှုကို ခံရသော နတ်တို့သည် ကြောက်လန့်ကြ သလို ဒေါသ၊ ဒေါမနဿလည်းဖြစ်ရသလို ထိုအခြင်းကို မြင်တွေ့ရသော ဗြဟ္မတို့သည်လည်း ပြင်းစွာ ထိတ်လန့်လျက် သံဝေဂ ဖြစ်ကြရသည်။


ပုဗ္ဗနိမိတ် (၅)ပါးကတော့ ….

(၁) နတ်ပန်း တို့သည် ညှိုးနွမ်းကြကုန်၏ ။
(၂) နတ်အ၀တ် တို့သည် ညှိုးနွမ်းကြကုန်၏ ။
(၃)လက်ကတီး (ချိုင်း) ကြားမှ ချွေးထွက် ယိုကျလာ၏။
(၄) ကိုယ်အရောင်ဖောက်ပြန်သော အရောင်အဆင်းဖြစ်လာ၏ ။( အသားအရေ ပြောင်းလာ၏)
(၅)နတ်ဘုံဗိမ္မာန်၌ မပျော်မွေ့ နိုင် ဖြစ်လာကြ၏ ။
ဤ (၅)ပါးတို့ကား နတ်သေခါနီး ရှေ့ပြေး နိမိတ် (၅)ပါးတည်း …..တဲ့ ။

ဒီအခါမှာ သိကြားမင်းဟာ လွန်စွာကြောက်လန့်ပြီး ဘုရားရှင်ဆီကို ညအချိန်မတော်ကြီး ရောက် လာပါတယ်။ ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်း ကိုဟောပေးပါတယ်။ ဒီတရားပွဲမှာ သိကြားမင်းနဲ့ အတူ နတ်ကုဋေပေါင်းများစွာ တရားလာနာကြတယ်။ သိကြားမင်းဟာ ဒီတရားပွဲမှာ သေပြီး ချက်ချင်းပဲ ဒီပုံစံ ၊ ဒီစည်းစိမ်အတိုင်း ဘာမှမပြောင်းလဲဘဲ နောက်ဘ၀ကို ရသွားတယ်။ သိကြားမင်းကနေသေပြီး သိကြားမင်းပဲ ပြန်ဖြစ်သွားတယ် ။ ဒါကို ဘုရားရှင်နဲ့ သိကြားမင်း (၂) ဦးပဲ သိလိုက်ကြတယ် လို့ ဆိုပါတယ်။

သိကြားမင်းသောတပန်တည်ပုံ
တခါမှာ သိကြားမင်းဟာ မြတ်စွာဘုရားရဲ့ ခွင့်ပြုချက်ရလို့ မေးခွန်းတွေ လျှောက်တယ်။ သတ္တ၀ါ တွေဟာ ရန်ငြိုးကင်းလျက်၊ အနာကင်းလျက်၊ဒဏ်ရာကင်းလျက်၊ စိတ်ဆင်းရဲခြင်းကင်းလျက်၊ အမျက်ထွက်ခြင်းကင်းလျက် နေရပါလို့၏ လို့ ကိုယ့်ကိုကိုမေတ္တာတွေပို့ကြတယ်၊ ဆန္ဒပြုကြတယ်။ ဒါပေမယ့် အားလုံးမှာ ဒီ ရန်ငြိုး၊ အနာ၊ ဒဏ်ရာ၊ စိတ်ဆင်းရဲခြင်း၊အမျက်ထွက်ခြင်းတွေနဲ့ နေကြ ခြင်းဟာ ဘာကြောင့်ပါလဲ ဘုရား ..လို့ မေးလျှောက်တယ်။ မြတ်စွာဘုရားက သတ္တ၀ါတွေဟာ ရန်ငြိုးကင်းလျက်၊ အနာကင်းလျက်၊ ဒဏ်ရာကင်းလျက်၊ စိတ်ဆင်းရဲခြင်းကင်းလျက်၊ အမျက် ထွက်ခြင်းကင်းလျက် နေရပါလို့၏လို့ ကိုယ့်ကိုကိုမေတ္တာတွေပို့ကြတယ်၊ ဆန္ဒပြုကြတယ်။ ဒါပေမယ့် အားလုံးမှာ ဒီရန်ငြိုး၊ အနာ၊ ဒဏ်ရာ၊ စိတ်ဆင်းရဲခြင်း၊ အမျက်ထွက်ခြင်းတွေနဲ့ နေကြခြင်းဟာ ဣဿာမစ္ဆရိယ =မနာလိုဝန်တိုမှု (သံယောဇဉ်) များနေလို့ဟု ဖြေတော်မူပါတယ်။
ဒီတော့ သိကြားဟာသူသိချင်တဲ့ အကြောင်းသိရလို့ ၀မ်းမြောက်ခြင်းနဲ့ အတူ ဝိစိကိစ္ဆာ ရှင်းသွား တယ်တဲ့။

ဒုတိယမေးခွန်းက အဲဒီဣဿာမစ္ဆရိယ ဘယ်အခြေခံကလာသလဲ တိုးတက်ဖြစ်ပွားစရာ ဘာရှိပါ သလဲ၊ အဘယ်တရားမရှိရင် ဣဿာမစ္ဆရိယမရှိဖြစ်မည်လဲ ဘုရား……လို့ ထပ်လျှောက်တော့
ဣဿာမစ္ဆရိယဟာ ချစ်ခြင်းမုန်းခြင်းကလာတယ်လို့ မြတ်စွာဘုရားကဖြေတော်မူတယ်တဲ့။ ချစ်ခြင်းမုန်းခြင်းက လာတယ်လို့ မြတ်စွာဘုရားကဖြေတော်မူပြီးတော့ -သိကြားမင်းက မေးခွန်း တွေဆက်တိုက်မေးပါတယ်။ သိကြားမင်းက ချစ်ခြင်းမုန်းခြင်းဘယ်ကလာပါသလဲ။ ဆန္ဒကလာ ပါတယ်။ ဆန္ဒဘယ်ကလာပါသလဲ။ ၀ိတက် ( ကြံစည်ခြင်း … သံသရာချဲ့တတ်သော ပါပဉ္စတရား ကိုဖြစ်စေသောအကြောင်းခံ) ကလာပါတယ်။ ထို့နောက် ဘုရားရှင်က သောမနဿကို မှီဝဲသင့် သော ၀မ်းမြောက်ခြင်း၊ မမှီဝဲသင့်သော ၀မ်းမြောက်ခြင်းစသည် ဖြင့် ၀ိတက်၊ ၀ိစာရမှ နွယ်ပြီး ဝေဒနာ ကမ္မဌာန်းဟောပါတယ်။ အဲဒီ့နောက် သိကြားမင်းက ပါတိမောက္ခသံဝရသီလကို မေး လျှောက်ပြန်တယ် ။ (ပါတိမောက္ခသံဝရသီလ = အကုသိုလ်တရားများကို မပြုမိအောင် ထိန်းပေး သော သီလဖြစ်ပါတယ်)။ တဖန် သိကြားမင်းက ဣန္ဒြိယသံဝရသီလ ကို မေးလျှောက်ပြန်တယ် ။ (အာရုံ (၆)ပါးကိုစောင့်ထိန်းသော သီလဖြစ်ပါတယ်)။ မေးခွန်းအားလုံးဟောပြီးမှ ဘုရားရှင်က သိကြားမင်းကို ရှေးအခါက အသင်သိကြားမင်း မည်သည်ကို ၀မ်းမြောက်ဖူးသနည်းဟု မေးပါ တယ်။ ထိုအခါမှာ သိကြားမင်းက အသူရာတို့ကိုစစ်နိုင်သောအခါ အောင်မြင်မှုကို ငါတော်လို့ ၊ ငါနိုင်တာ စသည်ဖြင့် တွေးတော ၀မ်းမြောက်ဖူးပါသည်။ သို့သော် ထိုချမ်းသာသည်ကား တုတ်၊ ဓါး လက်နက်များကိုင်ဆောင်ထားရသော ချမ်းသာမျှသာဖြစ်ပါတယ်။ ယခု အရှင်ဘုရား၏ အာရုံ (၆) ပါးကို ထိန်းသော ရာဂကိုငြိမ်းစေသော သစ္စာ (၄)ပါးကို ဦးတည်သော ဓမ္မသည်ကား တုတ်၊ ဓါး လက်နက် မပါ၊ သူငါမပါသော ၀မ်းမြောက်ခြင်း ချမ်းသာဖြစ်ပါတယ်လို့ ပြန်လျှောက်ပါတယ်။ ဒီအခါ မှာ ငါ စွဲပြုတ်သွားပါတယ်။ သောတာပန် ဖြစ်သွားတယ်။ ဘာဒိဋ္ဌိပြုတ်လို့ သောတာပန် တန်းဖြစ် နိုင်တာလဲ။ သိကြားမင်း ငါစွဲကင်းပြီး သက္ကာယဒိဌိ ပြုတ်သွားတာပါ။

သောတာပန် ( ၂ ) မျိုးနှစ်စားရှိပါတယ်။
(၁) စူဠသောတာပန် = ခန္ဓာ၊ အယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု၊ ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ်။ ( ၀ိပဿနာ ရှုလို့ ဥဒယ-ဘယ ဥာဏ်ကိုရောက် ရင်ကို အကျိုးများတယ်လို့ ဆရာတော်များ ဟောကြားကြတာ ဒါကြောင့်လည်း ဖြစ်ပါတယ် )

စူဠသောတာပန်၏ အဆင့်အတန်း ။

(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလားပါ။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန် = ခန္ဓာ၊ အယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာ မကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကိုမုန်း၊ ဖြစ်ပျက်၏ဒုက္ခကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ်။
မဟာသောတာပန် (၄)မျိုး ။
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီးမှ နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀နှင့် ၁ ကြိမ်သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများတွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်)

သိကြားမင်းကြီးဟာ အပယ်မလာတော့မယ့် ဘုံစဉ်စံ သောတာပန်ကြီး ဖြစ်ပါတယ်။ ပိုပိုကောင်း တဲ့ ဘုံတွေကို မြင့်တက်ခံစားပြီးမှ နောက်ဆုံး (၇) ဘ၀မှာ သုဒ္ဓါ၀ါသ ဗြဟ္မာဘုံကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုပါလိမ့်မယ်။

သုခီအတ္တာနံ ပရိဟရန္တု

ကုမ္ဘာဏ်နတ်ဘီလူး

Credit by http://www.thettantvillage.com/blogs/item/883978

1 comment:

  1. မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete