“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, March 11, 2012

ကြည့်မှန်ကြေးမုံကို မျိုးစုံအောင်အသုံးချနိုင်ခြင်း...

ကြည့်မှန်ကြေးမုံဆိုသည်မှာ…
ကြေးမုံဟူသည် ပုံတစ်ခုရဲ့အရိပ်ကို ထင်စေတဲ့ မျက်နှာပြင်ကိုဆိုလိုပါသည်။ ရှေးခေတ်ကပုံရိပ်ပေါ်
အောင်ပြောင်ချောနေသည့် ကြေးသားအခုံး မျက်နှာပြင်နှင့်လုပ်ထားသည့် ကြေးမုံကိုသုံးကြပါသည်။
ယခုခေတ်မှာတော့ မှန်ကိုပြဒါးသုတ်ပြီး ကြေးမုံမှန်ပြင်အဖြစ် သုံးကြပါသည်။ လူအများစုက မှန်ကို
မျက်နှာပြုပြင်လိမ်းကျံခြင်း၊ အ၀တ်အစားဝတ်ဆင်ခြင်း စသည်ဖြင့် ရိုးရိုးကြည့်မှန်အဖြစ်သာ သုံးကြ
သည်။ လောကီသျှတ္တရပညာများအရ ကြေးမုံကို ဆေးဘက်ဝင်ကြေးမုံအဖြစ်လည်း အသုံးပြုနိုင်
ပါသည်။ ကြည့်မှန်ကြေးမုံသည် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဖြစ်စေတတ်သောကြောင့်
အန္တရာယ်ကလွတ်မြောက်အောင် ကြည့်မှန်ကြေးမုံ ကောင်းခြင်းလက္ခဏာတွေရှိနေရန်နှင့်
သင်္ကေတမှန်သည့် ကြေးမုံကိုအသုံးပြုရမည်ဖြစ်ပါသည်။ မှန်သားမျက်နှာပြင် ကြည်လင်သန့်
စင်နေရမှာဖြစ်ပြီး အစွန်းအထင်း အစက်အပြောက် အက်ကြောင်းရာလုံးဝမရှိသည့် မှန်ဖြစ်ရ
ပါမည်။ ထိုမှန်မျိုးကို လိုအပ်သည့်နေရာမှာ ချိတ်ဆွဲအသုံးပြုပေးခြင်းဖြင့်ကောင်းကျိုးချမ်းသာ
များကိုပြည့်စုံစွာ  ရရှိမှာဖြစ်ပါသည်။ မှန်ကျကွဲရင်တော့ အထူးသတိထားပါ။ မကောင်းသည့်ဆိုးကျိုး
နိမိတ်တွေကိုဖြစ်ပေါ်စေနိုင်သည်။ ကျကွဲပြီဆိုတာနှင့် တစ်ပြိုင်နက်တည်း ကွဲနေသည့်မှန်စတွေကို
အ၀တ်ထူထူနှင့် ခပ်မြန်မြန်ဖုံးပြီး မှန်စနဲ့ အ၀တ်ကိုလုံးထွေးကာလွှင့်ပစ်ရပါမည်။ ကြည့်မှန်တစ်ခါကျကွဲ
လျှင် (၇) နှစ်ကံမကောင်းတတ်ဟူ၍ ရှေးမြန်မာတွေရဲ့ဆိုရိုးစကားလည်းရှိပါသည်။
ကြည့်မှန်ကြေးမုံကို ကြည့်ရာတွင်လည်း မှန်သည် လုံလောက်သည့်ပုံရိပ်ကိုပေါ်စေနိုင်သည့် အကျယ်
အ၀န်းရှိရမည်။ စာဖတ်သူရဲ့ခန္ဓာကိုယ်မှာ ကိုယ်ရောင်ကိုယ်ဝါများရှိသည်။ ယင်းကိုယ်ရောင်ကိုယ်ဝါ
များသည် ဥခွံလို ပတ်ကာလွှမ်းခြုံထားသည်။ ထို့ကြောင့်မှန်ကြည့်သည့်အခါ မိမိရဲ့ပုံရိပ်သာမက
ကိုယ်ရောင်ကိုယ်ဝါတွေကိုပါ ပုံရိပ်ထဲမှာဝင်ဆံ့အောင်၊ မှန်ထဲမှ စာဖတ်သူရဲ့ပုံရိပ်ဘေးပတ်လည်
တစ်လျှောက်မှာ အနည်းဆုံး ခြောက်လက်မလောက်နေရာလွတ်ရှိသင့်ပါသည်။ ဖြစ်နိုင်လျှင်
ကိုယ်လုံးပေါ်မှန်ကြီးကြီးကို ကြည့်ပေးနိုင်လျှင်ပိုကောင်းပြီး မှန်သေးသေးကလေးထဲမှာ မဆန့်မပြဲ
ကြည့်ခြင်းမျိုးကို ရှောင်ရှားရမည်းဖြစ်ပါသည်။


ကြည့်မှန်ကြေးမုံကိုမျိုးစုံအောင်အသုံးချနိုင်ခြင်း
ဝါစတုဗိသုကာသျှတ္တရခေါ် လောကီသျှတ္တရပညာများဖြင့် ကြည့်မှန်ကြေးမုံများကို မျိုးစုံအောင်အသုံး
ချနိုင်ပါသည်။ အိမ်တွင်းအလှဆင်ရာမှာ အကောင်းဆုံးဖြစ်သည့်အပြင်ကောင်းကျိုးချမ်းသာ မင်္ဂလာ
များကိုလည်း ရရှိစေနိုင်ပါသည်။ စင်္ကြ၀ဠာ အတွင်းရှိမြစ်များ၊ ချောင်းများ၊ တောင်ကုန်းများ၊ နက္ခတာရာ နှင့်လ၀န်း၊ သစ်ပင်ပန်းမန်များ စသည်တို့၏ လှပကံကောင်းစေသည့် မြင်ကွင်းတွေကို
အိမ်တွင်း၌ ရှိသည့်ကြည့်မှန်က ဆွဲငင်ယူဆောင်နိုင်သည်။ ဤနည်းအားဖြင့် မိမိရဲ့အိမ်အတွင်းသို့
အေးချမ်းသာယာ ကျက်သရေ မင်္ဂလာကိုဖြစ်စေသည့် အကျိုးတရားတွေရောက်ရှိလာစေမည်
ဖြစ်သည်။ စားသောက်ဆိုင်၊ စူပါမားကတ်(Super Market)၊ မီနီမတ်ကတ် (Mini Market)၊
ဟိုတယ်၊ ချစ်တီးထမင်းဆိုင် နှင့် ပျော်ပွဲစားရုံများမှာ ကြည့်မှန်ကြေးမုံများကို တပ်ဆင်ထား
ခြင်းအားဖြင့် လူအများ စည်ကားများပြားနေသည့် လက္ခဏာကို ဖော်ဆောင်စေပါသည်။ ငွေသိမ်း
ကောင်တာ စားပွဲမှာလည်း မှန်များကိုတပ်ဆင်ပေးခြင်းဖြင့် ၀င်ငွေကိုနှစ်ဆပွားစေသည့် အရိပ်
လက္ခဏာများကို ပေါ်စေပါသည်။ (စာရေးသူတို့ငယ်စဉ်က ချစ်တီးထမင်းဆိုင်မှ ငွေပေးရသော
ကောင်တာကို မြင်ရသောနေရာတည့်တည့်တွင် မှန်ကြီးကိုတပ်ဆင်ထားတာ အမြဲတွေ့ခဲ့ရဖူးပါတယ်)

ကြည့်မှန်ကြေးမုံ၏ ပုံသဏ္ဍာန်နှင့် နေရာချထားပေးခြင်း
ကြည့်မှန်ကြေးမုံနှင့်ပတ်သတ်လို့ အရေးကြီးသည့်အချက်တစ်ခုက ကြည့်မှန်ကို နေရာချထားပေးဖြင်း
ဖြစ်ပါသည်။ မြင့်လွန်းသောနေရာ၊ နိမ့်လွန်းသောနေရာမျိုးမှာ မဖြစ်စေပဲ ကြည့်သူနှင့် သင့်တင့်လျောက်ပတ်သည့် နေရာမျိုးမှာထားရှိရမည်ဖြစ်ပါသည်။ ကြည့်မှန်ကြေးမုံတွေကို ကြည့်သူ
၏အရပ်အရှည်ထက် နိမ့်သည့်နေရာတွေမှာတပ်ဆင်ထားမည် ဆိုပါက ကြည့်သူရဲ့ခေါင်းကိုဖြတ်ထား
သလိုပုံပေါ်စေမှာဖြစ်သောကြောင့် ကြည့်မှန်ကောင်းတစ်ချပ် မဖြစ်နိုင်ပါ။
ကြည့်မှန်ကြေးမုံများကို အိမ်အတွင်းမှာ နေရာတကျ အနေအထားမှန်အောင် တပ်ဆင်တတ်ရင်တော့
ကြည့်မှန်ကြေးမုံရဲ့ကောင်းကျိုးများကို ရရှိစေမှာဖြစ်ပြီး တပ်ဆင်သည့်နေရာမှားယွင်းလျှင် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ရပ်များနှင့် တွေ့ရတတ်သည်။ ကြည့်မှန်၏ ပုံသဏ္ဍာန်သည် အ၀ိုင်း(သို့)
ဘဲဥပုံဆိုရင် ပိုကောင်းသည်။ ဘဲဥပုံမှန်သဏ္ဍာန်သည် ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ကိုယ်ရောင်
ကိုယ်ဝါများ၏ အနားသတ်မျဉ်းကို ဘောင်ကွပ်ပေးထားခြင်းဖြင့် မှန်သားစောင်းမှ အစွန်းရှခြင်း
အန္တရာယ်ကို ကင်းဝေးစေမှာဖြစ်ပါသည်။


ပုံရိပ်တစ္ဆေခြောက်မခံရလေအောင်
လူတို့သည် မှန်ကိုတွေ့လျှင် မိမိရဲ့ပုံရိပ်ကို ကြည့်လိုတတ်ကြသည်။ အစိတ်စိတ် အမြွှာမြွှာဖြစ်နေသည့်
မှန်မှာလည်း မိမိရဲ့ပုံရိပ်ကို ကြည့်မိတတ်ကြသည်။ ကျကွဲသွားသည့်မှန်မှာလည်း မိမိရဲ့ပုံရိပ်ကို ကြည့်မိ
တတ်ကြသည်။ ကျကွဲသွားသည့်မှန်ကိုလည်း နမြောတသသိမ်းဆည်း၍ အသုံးပြုတတ်ကြသည်။
အစိတ်စိတ်အမြွှာမြွှာကွဲနေသည့် မှန်ပေါ်မှာ မိမိပုံရိပ်ကိုကြည့်မယ်ဆိုရင် ကိုယ့်ပုံရိပ်ဟာလည်း အစိတ်စိတ်အမြွာမြွာကွဲနေလိမ့်မည်။ ထိုအခါ ယခင်ကမှတ်သားထားသော ပုံရိပ်နှင့် ယှဉ်လိုက်ရင် အလန့်တကြား၊ အထိတ်တလန့် ဖြစ်သွားမည်။ ဤကဲ့သို့ဖြစ်ရခြင်းမျိုးကို ပုံရိပ်တစ္ဆေခြောက်ခံရတယ်
ဟူ၍ဆိုသည်။ ပုံရိပ်တစ္ဆေခြောက်ခံရပါများလျှင် စိတ်ပိုင်းဆိုင်ရာ အင်အားများလျော့နည်းသွားမည်။
စိတ်ဓါတ်ခိုင်မာရင့်ကျက်မှုလည်းလျော့ကျသွားမည် ဤသည်ကပင်ကံဇာတာညံ့သွားခြင်းပင်ဖြစ်
သည်။ နောက်ပြီးမှုန်နေသည့်မှန်၊ မကောင်းသည့်မှန်များကိုလည်းမသုံးသင့်ပါ။ ထို့ကြောင့်
စာဖတ်သူတို့နေ့စဉ် သုံးနေကြသည့် ကြည့်မှန်သည် မိမိရဲ့ဘ၀ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို
တစ်ထောင့်တစ်နေရာမှ ဖန်တီးပေးနေတယ်ဆိုတာကို သိထားရပါမည်။


ဣစ္ဆာသယမှန်ကိုဆောင် အိုတောင်မဆင်းရဲ
အိမ်တွင်း၌ တပ်ဆင်ချိတ်ဆွဲထားသည့် ကြေးမုံမှန်ပြင်တွေကိုလည်း ပုံရိပ်ဟန်ပျက်ခြင်းနှင့် ပုံရိပ်
တစ္ဆေခြောက်ခံရခြင်းတို့မှ လွတ်ကင်းအောင်စစ်ဆေးနေရာချထားပေးရမည်။ အိမ်၌ ရှိသမျှကြည့်
မှန်တွေကို ၀ါစတုဗိသုကာသျှတ္တအရ ရှုထောင့်အမျိုးမျိုးမှကြည့်ရှုပြီး မှန်တွေထဲမှာ ဘာပုံရိပ်တွေ
ပေါ်နေသလဲ ဆိုတာကို စစ်ဆေးရပါမည်။ အိမ်အပြင်ဘက်မှာရှိသည့် ရေကန်လေး၏ ပုံရိပ်သည်
အိမ်တွင်းရှိမှန်မှာ လာပေါ်နေရင်တော့ သာယာသည့်မှန်ဖြစ်သွားပြီလို့မှတ်ပါ………ညအခါသာ
သည့်လကလေး၏ အရိပ် ပုံရိပ်ထဲမှာလာပေါ်နေလျှင်လည်း ယင်းမှန်သည် အေးချမ်းသာယာ
သည့် ဣစ္ဆာသယမှန်ဖြစ်နေပါပြီ။ ထိုကဲ့သို့သောမှန်မျိုးကိုနေရာမြဲအောင်ထားရပေမည်။
အိမ်အပြင်ရှိ အမှိုက်ပုံကြီးရဲ့ပုံရိပ်သည် ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲကမှန်ထဲမှာ လာပေါ်
နေရင်တော့ အဲဒီမှန်ကိုချက်ချင်းနေရာရွေ့လိုက်ပါ။ အဘယ်ကြောင့်ဆိုသော် အိမ်ပြင်ကအမှိုက်
တွေကိုအိမ်ထဲရွှေ့ပေးထားသလိုဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကြည့်မှန်ကြေးမုံအတွင်းတွင် အမှိုက်ခြင်း၊ အမှိုက်ပုံ၊ အိမ်သာတံခါးဝ၊ လှေခါးခြေရင်း၊ အောက်ဆုံးလှေခါးထစ် စသည်တို့၏
ပုံရိပ်များပေါ်နေလျှင် ယင်းမှန်ကိုချက်ချင်းနေရာရွှေ့လိုက်ပါ။ သို့မှသာမသာယာသည့်မြင်ကွင်း
တွေပေါ်နေခြင်းက ကင်းလွတ်သွားမည်ဖြစ်သည်။ မိမိအိပ်ခန်းထဲတွင်ကြေးမုံမှန်ကိုထားမည်
ဆိုပါက ၎င်းကြေးမုံမှန်ထဲမှာ အိပ်ယာ၊ ခုတင်ပေါ်မှာအိပ်စက်နေသူရဲ့ပုံရိပ်ကိုပေါ်မနေစေသင့်
ပေါ်နေလျှင်လိပ်ပြာလန့်သလိုဖြစ်ပြီး ထိတ်လန့်သွားစေနိုင်သည်။ “ဂျပန်န၀ကီ” ဆရာကြီး
အတော်များများက အိပ်ခန်းထဲမှာ မှန်ထားခြင်းကို မကြိုက်ကြ။ မိဘနှင့်သားသမီး၊ မိန်းမနှင့်
လင်ယောက်ျား စိတ်ဝမ်းကွဲခြင်း၊ စိတ်သဘောထားမတိုက်ဆိုင်ခြင်း တို့ဖြစ်စေနိုင်သည်ဟု
ဆိုသည်။ သူတို့၏အယူအဆအရ ထမင်းစားခန်းထဲမှာ ကြည့်မှန်ကြေးမုံကို ထားပေးခြင်း
ဖြင့် စားပွဲပေါ်က အစားအစာများ နှစ်ဆတိုးပွားသလို ပေါများကြွယ်ဝမှုနိမိတ်ကိုဖြစ်စေသည်
ဟုလည်း ဆိုကြသည်။

လာဘ်လာဘတွေထွက်မသွားအောင်
ဝါစတုသျှတ္တရပညာအရ အိမ်တိုင်းမှာ လာဘ်ခေါ်နေရာထူးတစ်ခုစီရှိနေကြသည်။ အိမ်၏ ဧည့်ခန်း
အ၀င် မင်္ဂလာတံခါးမကြီးကနေကြည့်လျှင် လက်ဝဲဘက်ထောင့်ဖြတ် (ဓါးလွယ်ခုတ်) အခန်းထောင့်
နေရာဖြစ်သည်။ ၎င်းနေရာသည် အိမ်၏စီးပွားရေးအတိုးအဆုတ်ကို တိုက်ရိုက်သက်ရောက်စေသည့်
နေရာဖြစ်သည်။ လာဘ်ခေါ်နေရာထူးနှင့် ပတ်သတ်ပြီး သတိပြုစရာတစ်ချက်ရှိသည်။၎င်းနေရာနှင့်
ကပ်လျက်မှာ တံခါးပေါက်ရှိနေလျှင် လာဘ်လာဘများ ကောင်းကျိုးချမ်းသာမင်္ဂလာများသည် ယင်း
အပေါက်ကနေပြန်ထွက်သွားတတ်သည်။ ထိုသို့မဖြစ်ရလေအောင် မှန်အ၀ိုင်းတစ်ချပ်ကိုချိတ်ဆွဲ
ပေးထားရမည်။



ကြည့်မှန်ကြေးမုံ၏ အကျိုးပြုမှုများ
ကမ္ဘာ့ကိုယ်ကာယ အလှမယ်များ၊ အလှမောင်များ စသည်တို့သည် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်
ပြီး အချိုးအစားပြေပြစ်လှပစေရန် လေ့ကျင့်ရာမှာ မပါမဖြစ်သည့် အဓိကအရေးကြီးဆုံးပစ္စည်းသည်
ကြည့်မှန်ကြေးမုံသာလျှင်ဖြစ်ပါသည်။ ထို့ကြောင့်ကိုယ်ကာယ လှပဖွံ့ဖြိုးမှုအတွက်မှန်၏အကျိုးပြုမှု
သည်များစွာပါဝင်ပေသည်။ မော်ဒယ်လ်များ၏ လမ်းလျှောက်ခြင်း၊ အပြုအမူလေ့ကျင့်ခန်းများပြုလုပ်
ရာတွင်လည်း မှန်ကိုကြည့်ပြီး လုပ်ရသည်သာဖြစ်ပါသည်။ ထို့ပြင်ဆံပင်ညှပ်ဆိုင်များ၊ ဗျူတီပါလာများ၊
ကိုယ်ကာယအလှသင်တန်းများတွင် မှန်သည်မရှိမဖြစ်သည့် အဓိကပစ္စည်းတစ်မျိုးဖြစ်သည်။ မှန်ကောင်းကောင်းထားနိုင်သောဆိုင်များ မှန်များများအသုံးပြုနိုင်သောဆိုင်များတွင် လူစည်ကားသည်
ကို တွေ့ရမည်ဖြစ်သည်။ဤသည်မှာ မှန်၏အရေးကြီးသော အဓိကအကျိုးပြုမှုတစ်ရပ်ဖြစ်သည်။



ဒေးဗစ်ကော်ပါဖီးလ်နှင့် မာယာကြေးမုံ
ကြေးမုံမှန်ပြင်တွင် လှည့်စားတတ်ခြင်းနှင့် မာယာများခြင်းဆိုသည့် သဘာဝများရှိသည်။ ကြေးမုံမှန်သား၏ထုထည်သည် အလွန်ပါးလွှာသော်လည်း မှန်သားပေါ်မှ ပုံရိပ်ကို အလွန်
နက်ရှိုင်းစွာ ပေါ်စေနိုင်စွမ်းပါသည်.။ ကမ္ဘာပေါ်မှာထင်ရှားသည့် မျက်လှည့်ပြကွက်တစ်ချို့သည်
ကြေးမုံမှန်ပြင်ကိုသုံးပြီး လှည့်စားသွားခြင်းသာ ဖြစ်ပါသည်။ ထင်ရှားကျော်ကြားလှသော
ဒေးဗစ်ကော်ပါးဖီးလ်၏ မီးရထားကြီးကိုဖျောက်ပြခြင်း၊လေယာဉ်ပျံကြီးကို ဖျောက်ပြခြင်းများသည်
ကြေးမုံမှန်ပြင်ကို သုံးပြီး လှည့်စားပြသွားခြင်းသာဖြစ်သည်။ ထို့ကြောင့်ကြေးမုံမှန်ပြင်တွေ၏ မာယာ
အောက်မှာ လှည့်စားခံရခြင်းမှ ကင်းဝေးအောင် အိမ်မှာရှိသည့် ကြေးမုံတွေကို ကြေးမုံမှန်ကောင်း
တစ်ချပ်ဖြစ်မဖြစ်စစ်ဆေးဖို့ လိုအပ်လှပါသည်။



လှည်းဦးတိုက် လှေဦးတိုက် အသုဘတိုက်ကို မှန်နှင့်ပြန်ထောင်
မိမိနေအိမ်ရဲ့တံခါးမကြီးသည် အသုဘဦးတိုက်နေရာဟုခေါ်သည့် (T) သဏ္ဍာန်လမ်းဆုံနေရာမျိုး၌ရှိ
နေလျှင် ခိုက်တတ်ပါသည်။ မသာခြေကန်ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ (Y) ပုံစံလမ်းခွမှာ နေအိမ်ကို
ဆောက်ထားလျှင်လည်း လမ်းကထွက်ပေါ်လာတဲ့ မကောင်းသည့်ဆိုးကျိုးတွေ၊ အတိတ်နမိတ်တွေ
အလုံးအရင်းနဲ့ မိမိအိမ်ထဲကို ၀င်လာနိုင်ပါသည်။ ထိုသို့မကောင်းသည့် ဆိုးကျိုးတွေ ၀င်လာလို့မရ
အောင် ကြေးမုံမှန်ဝိုင်းတစ်ချပ်ကို နေအိမ်အ၀င်ပေါက် တံခါးမကြီးထိပ်မှာ တပ်ထားပေးရပါမည်။
သို့မှသာ ၀င်ရောက်လာမည့် အန္တရယ်များကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မည်။




ဆရာဦးခန့်ကျော်၏ ကိုယ်တွေ့သုခချမ်းသာစာအုပ်မှကောက်နူတ်ချတ်