“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 22, 2014

ရေနှင့် ဓာတ်မတည့်သည့် ထူးထူးဆန်းဆန်း ဝေဒနာရှင်

Aquagenic Pruritisဟု အမည်ပေးထားသည့် ရေချယ်လ်၏ ရောဂါလက္ခဏာမျိုးသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည်

ပြီးခဲ့သည့် ဇန်နဝါရီလသည် နှစ်ပေါင်း(၂၀၀)အတွင်း ဗြိတိန်နိုင်ငံ၏ အစိုစွတ်ဆုံးကာလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် မိုးများရွာသွန်းသည်။ တစ်နိုင်ငံလုံး စိုထိုင်းအေးမြနေသည်။ ထို့ကြောင့်လည်း ရေချယ်လ်ပရင့်စ်အနေဖြင့် တစ်လလုံးလုံး အိမ်ထဲမှ အိမ်ပြင် မထွက်ခဲ့ရချေ။ အဘယ်ကြောင့်ဆိုသော အသက်(၂၆)နှစ်ရှိ ပန်းချီဆရာမသည် ရေနှင့်ဓာတ်မတည့်သည့် ရောဂါတစ်မျိုးကို ခံစားနေရ၍ ဖြစ်သည်။ ဒါဘီရှိုင်းယားရှိ ရစ်ပလေတွင် နေထိုင်သော ရေချယ်လ်သည် ငယ်စဉ်က ယင်းကဲ့သို့ ရောဂါမျိုး မရှိခဲ့ချေ။ သို့သော်လည်း ယခုအခါ သူမ၏ အရေပြားသည် ရေနှင့်ကြာကြာ ထိသည်နှင့် နီရဲသော အင်ပျဉ်ကြီးများ အကွက်လိုက်
ထလာသည်။ သူမအနေဖြင့် အလွန်ဆိုးရွား နာကျင်သော ဝေဒနာမျိုးကို ခံစားရကြောင်း ရေချယ်လ်က ဖွင့်ဟခဲ့သည်။ Aquagenic Pruritisဟု အမည်ပေးထားသည့် ရေချယ်လ်၏ ရောဂါလက္ခဏာမျိုးသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည်။ လက်ရှိအချိန်ထိ ယင်းရောဂါမျိုး ဖြစ်ပွားသူ (၃၅)ဦးသာ ရှိသေးကြောင်း ဆေးပညာ မှတ်တမ်းများက ဖော်ပြထားသည်။


Myawady News's photo.

ရေချယ်လ်သည် ရေအပြင် အချို့သော အရည်များနှင့်လည်း ဓာတ်မတည့်ချေ။ သူမ၏ ခင်ပွန်းလောင်း လီဝါဝစ်ခ်နှင့် နမ်းရှုပ်သည့် အခါတွင်ပင် လီ၏ တံတွေးကြောင့် တုံ့ပြန်သည့် ဆိုးကျိုးမျိုး ခံစားရလေ့ ရှိသည်။ ရေချယ်လ်က "ကျွန်မအတွက်တော့ ရာသီဥတု အခြေအနေကို ကြိုပြီး မလေ့လာဘဲ ဘယ်တော့မှ အိမ်ပြင်ကို မထွက်ရဲဘူး။ ကျွန်မကိုယ်တိုင်က အိမ်တွင်းအောင်းနေရတာကို မုန်းတယ်။ ဒါပေမဲ့ မိုးရေထဲ ထွက်ဖို့တော့ မစွန့်စားနိုင်ပါဘူး။ မိုးရေလေး တစ်စက်ကတင် ကျွန်မအရေပြားမှာ ဓာတ်မတည့်ဘဲ နာကျင်ပူလောင်လာအောင် ဖြစ်စေနိုင်တယ်။ ပြီးခဲ့တဲ့ တစ်လလုံးလုံး ကျွန်မ ပျင်းပျင်းနဲ့ စိတ်ဖိစီးမှုတောင် ဝင်လာမိတယ်။ ဓာတ်မတည့်တဲ့အခါ အရေပြားက အင်ပျဉ်ကြီးတွေ ပေါ်လာတယ်။ သိပ်နာတယ်။ အရေပြားပေါ်မှာလည်း နီရဲနေတာပဲ။ လူကြားထဲမှာ ဓာတ်မတည့်မှု ပေါ်လာတာမျိုး ကျွန်မကြုံဖူးတယ်။ လူတွေက အံ့ဩပြီးတော့ ဝိုင်းကြည့်နေခဲ့ကြတယ်"ဟု ဆိုသည်။ သူမသည် ရေချိုးရာတွင်လည်း အချိန်မကြာအောင် တက်သုတ်ရိုက်ရပြီး ရေခြောက်အောင် မြန်မြန်ဆန်ဆန် သုတ်ပစ်ရလေ့ရှိသည်။

Myawady News's photo.
 "ရေတွေကြာကြာ စိုနေတာနဲ့ ပြဿနာက စတာပဲ။ ကျွန်မက ရေသောက်ရင်တောင် အရမ်းအေးတဲ့ရေကို သောက်လို့မရဘူး။ ချက်ချင်း လည်ချောင်းထဲက နာလာတာ။ ဒါပေမဲ့ သစ်သီးဖျော်ရည်နဲ့ လက်ဖက်ရည်တို့ကို သောက်ရင်တော့ ပြဿနာ သိပ်မရှိဘူး။ အဲဒီထဲမှာ ရေအများကြီး ပါနေလျှက်နဲ့ ခုလိုဘာကြောင့် ဖြစ်သလဲဆိုတာကို ကျွန်မမသိဘူး။ ဘယ်သူမှလည်း မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ရောဂါမျိုးကို လူတွေက ကြားတောင် မကြားဖူးဘူးလေ"ဟုလည်း ရေချယ်လ်က ဖွင့်ဟခဲ့သည်။ သူမက "ငယ်ငယ်ကဆို ကျွန်မက ရေကူးရတာ သိပ်ကြိုက်တာ။ ဒါပေမဲ့ ခုတော့ ဒီဝါသနာကို စွန့်လွှတ်ထားလိုက်ရတာ ကြာပါပြီ။ ပင်လယ်ထဲမှာ လှေလေးစီးပြီး ကျွန်မခြေထောက်တွေကို ရေထဲချရင်း လှုပ်ခတ်နေဖို့တောင် အခွင့်အရေး မရှိတော့ဘူး"ဟုလည်း ဆိုသည်။ သူမ၏ခင်ပွန်းလောင်းဖြစ်သည့် အသက်(၂၈)နှစ်အရွယ်လီက ရေချယ်လ်နှင့် ပတ်သက်၍ နားလည်မှုရှိရှိ ကူညီလေ့ရှိသည်။ ရေချယ်လ်က "ဒီလိုဖြစ်နေတော့ အဆိုးချည်းပဲတော့ မဟုတ်ဘူး။ ကျွန်မက ရေကြာကြာကိုင်လို့ မရဘူးလေ။ ဒီတော့ ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာတွေ အားလုံးကို ကျွန်မလုပ်စရာ မလိုဘူး။ လီပဲ ဒိုင်ခံပြီး လုပ်ပေးပါတယ်"ဟုလည်း အရွှမ်းဖောက် ပြောကြားသွားခဲ့သည်။

Planet

No comments:

Post a Comment