“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, July 16, 2013

သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း အပိုင်း(၄)

Photo: သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း (၄)

ရေကန်ကြီးဥပမာ။ ။ ဗျဂ္ဃပဇ္ဇ…ဥပမာပြရလျှင် ရေကန်ကြီးတစ်ကန်၌ ရေဝင်ပေါက် လေးပေါက်ရှိ၍ ရေထွက်ပေါက်လည်း လေးပေါက်ပင် ရှိ၏။ ထိုရေကန်ကြီး၌ ရေထွက်ပေါက်များ ဖွင်ထား၍ ရေဝင်ပေါက်များကို ပိတ်ထားလိုက်လျှင်လည်းကောင်း၊ မိုးကလည်း မကြာမကြာ မရွာလျှင်လည်းကောင်း၊ ရေတွေယုတ်လျော့ဖို့သာ ရှိ၍ တိုးဖို့ မရှိတော့ချေ။ ထိုသို့ မဟုတ်ဘဲ ရေထွက်ပေါက်များကို ပိတ်ထား၍ ရေဝင်ပေါက်များကို ဖွင့်ထားလျှင်လည်းကောင်း၊ မိုးကလည်း မကြာ မကြာ ရွာလျှင်လည်းကောင်း ထိုရေကန်ကြီးမှာ ရေတွေ ယုတ်လျော့ဖို့ မရှိ၊ တိုးဖို့သာ ရှိတော့သည်။

ဗျဂ္ဃပဇ္ဇ…ထို့အတူပင် ဣတ္ထိဓုတ္တစသော လေးပါးသည် စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်း ထွက်ပေါက်များဖြစ်၍ ဣတ္ထိဓုတ္တမဟုတ်သော လေးပါးသည် စည်းစိမ်ဥစ္စာတို့၏ ဝင်လာကြောင်း အပေါက်များ ဖြစ်၏၊ မိန်းမ လိုက်စားမှုစသော ထွက်ပေါက်လေးပါးကို မပြုလုပ်ဘဲ ပိတ်ဆို့ထား၍ မိန်းမ မလိုက်စားမှုစသော ဝင်ပေါက်လေးပါးကို ဖွင့်ထားလိုက်လျှင် ဥဋ္ဌာနသမ္ပဒါစသော လေးပါးဖြင့် ရွာချနေသော ပစ္စည်းဥစ္စာမိုးရေများသည် ကောင်းစွာ တည်တံ့တိုးပွားနေနိုင်ပေသည်။ ဤပြအပ်ခဲ့သော လေးပါးသည် ယခုဘဝ၌ စီးပွားချမ်းသာ တိုးပွားဖို့အကြောင်းများပင် ဖြစ်ပေသည်။

နောက်ဘဝချမ်းသာကြောင်း (၄)ပါး

ဗျဂ္ဃပဇ္ဇ…အမျိုးသား၏ နောက်နောက် ဘဝများစွာ၌ စီးပွားချမ်းသာဖို့ရာ အကြောင်းလေးပါး ရှိ၏။ 
(၁) သဒ္ဓါသမ္ပဒါ- သဒ္ဓါ၏ပြည့်စုံခြင်း။
(၂) သီလသမ္ပဒါ- သီလ၏ပြည့်စုံခြင်း။
(၃) စာဂသမ္ပဒါ- စွန့်ကြဲပေးကမ်းခြင်း၏ပြည့်စုံခြင်း။
(၄) ပညာသမ္ပဒါ- ပညာ၏ပြည့်စုံခြင်းတည်း။

သဒ္ဓါသမ္ပဒါ။ ။ ဗျဂ္ဃပဇ္ဇ… အမျိုးသားသည် ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ် (အားလုံးကို သိနိုင်သောဉာဏ်)တော်ကို ယုံကြည်၏။ ’’အရဟံ သမ္မာသမ္ဗုဒ္ဓေါ’’စသော ဂုဏ်တော်များကို ယုံကြည်၏။ ထိုသို့ ယုံကြည်ခြင်း၏ ပြည့်စုံမှုကို ’’သဒ္ဓါသမ္ပဒါ’’ဟု ဆိုရသည်။ 
(ဘုရားရှင်ကို ယုံကြည်မှ ဘုရားရှင်၏ တရားတော်အတိုင်း လိုက်နာမည်ဖြစ်သောကြောင့် သဒ္ဓါသမ္ပဒါသည် အရင်းခံအကြောင်း ဖြစ်သည်)။

သီလသမ္ပဒါ။ ။ လူတို့၏ ကိုယ်ကျင့်ဖြစ်သော ငါးပါးသီလနှင့် ပြည့်စုံမှုကို ’’သီလသမ္ပဒါ’’ဟု ဆိုရသည်။
(ဘုရားရှင်ကို ယုံကြည်မှ ဘုရားရှင်အမိန့်တော်အတိုင်း သီလကို စောင့်ရှောက်လိုကြပေမည်။)

စာဂသမ္ပဒါ။ ။ အမျိုးသားသည် သူတစ်ပါးကို ပေးကမ်းဖို့ နှမြောဝန်တိုစိတ် မရှိ။ ပေးကမ်းစွန့်ကြဲစရာကိစ္စ ကြုံလာလျှင် တွန့်တိုခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလေ့ရှိ၏။ အလှူခံလာလျှင် စင်ကြယ်သောလက်ဖြင့် အဆင်သင့် ကပ်လှူဖို့ရန် မိမိလက်ကို အမြဲစင်စင်ကြယ်ကြယ် ထား၏။ စွန့်ကြဲပေးကမ်းလေ့ရှိကြောင်းကို သိကြသောကြောင့် ထိုအမျိုးသားအထံ၌  တောင်းရမ်းသူတို့က တောင်းရဲကြ၏။ ထိုသို့ စွန့်ကြဲပေးကမ်း လှူဒါန်းနေရလျှင် ပျော်ရွှင်နိုင်မှုကို ’’စာဂသမ္ပဒါ’’ဟု ခေါ်ရသည်။

ပညာသမ္ပဒါ။ ။ အမျိုးသားသည် ရုပ် နာမ်တရား၏ အဖြစ် အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောကို နားလည်သော ပညာနှင့် ပြည့်စုံ၏။ ထိုသို့ ပြည့်စုံခြင်းကို ’’ပညာသမ္ပဒါ’’ဟု ဆိုရသည်။ 
(ကံနှင့် ကံ၏အကျိုးကို နားလည်သော ပညာကိုလည်း အခြေခံ ’’ပညာသမ္ပဒါ’’ဟုပင် ဆိုနိုင်ပါသည်။)
ဤကား နောက်နောက်ဘဝ၌ စီးပွားချမ်းသာဖြစ်ခြင်း၏ အကြောင်းဖြစ်သော တရားလေးပါးတည်း။

အချုပ်မှတ်ဖွယ်။ ။ ဤတရားတော်သည် သားမယားနှင့်အတူ အိမ်၌ နေရင်းပင် ဤဘဝ နောက်ဘဝ၌ စီးပွားဥစ္စာ တိုးတက်ကြောင်း ချမ်းသာကြောင်းကို ညွန်ပြသော တရားတော် ဖြစ်၏။

ဤဘဝ စီးပွားချမ်းသာဖြစ်ကြောင်း၌ 

(၁) မိမိလုပ်သည့် အလုပ်ကိစ္စ၌ ကျွမ်းကျင်၍ မပျင်းမရိ လုံ့လရှိခြင်း။
(၂) လုပ်ကိုင်၍ရသော စီးပွားဥစ္စာကို ဘေးရန်မရှိအောင် စောင့်ရှောက်တတ်ခြင်း။
(၃) အရနှင့်အကုန်တွင် အရဘက်က အမြဲသာလျက် ရှိစေခြင်း။
(၄) မိတ်ကောင်းရှိခြင်းဟု လေးပါးကို ဟောတော်မူပြီးလျှင်…..

(၁) မိန်းမလိုက်စားခြင်း။
(၂) သေရည် သေရက် ဘိန်းကစော်တို့ကို သောက်စားခြင်း။
(၃) အလောင်းအစား ကစားခြင်း။
(၄) မကောင်းသော အပေါင်းအဖော် ရှိခြင်း ဟူသော ပျက်စီးကြောင်း အပေါက်လေးပေါက်ကို ပိတ်ဆို့ရမည်ဟု ဟောတော်မူ၏။ ထိုဟောတော်မူသည့်အတိုင်း နေထိုင်လျှင် အဘယ်မှာ ဤဘဝ၌ စီးပွား မတိုးတက်ဘဲ ရှိပါအံ့နည်း။

သံသရာချမ်းသာကြောင်း၌ 

(၁) သဒ္ဓါပြည့်စုံခြင်း။
(၂) သီလပြည့်စုံခြင်း။
(၃) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၄) ပညာဉာဏ်ရှိခြင်းအားဖြင့် ဤလေးပါးကို ဟောတော်မူ၏။ 

ထိုဟောတော်မူသည့်အတိုင်း မကျင့်နိုင်လောက်အောင် ခက်ဖွယ်လည်း မပါ။ ထိုအတိုင်း ကျင့်ပါလျှင်လည်း ဧကန် ဘဝကောင်းသို့ ရောက်ရမည်သာ။ ထို့ကြောင့် ဘုရားရှင်၏ တရားတော်သည် ဘာသာမရွေး လိုက်နာထိုက်သော တရားဖြစ်ရကား ဓမ္မရတနာခန်း၌ ဤတရားတော်ကို ကလေးတို့အား ထိုက်တန်သမျှ နားလည်အောင် ပြသင့်ပါသည်။

ဗျဂ္ဃပဇ္ဇသုတ် ပြီး၏။

(ဤသုတ်တော် ပြီးသော်လည်း နောက်ဟောတော်မူသော တရားတော်တို့ကား မပြီးသေးပါ။ ဆက်လက်ပြီး စောင့်မျှော် ဖတ်ရှုပါရန်) ပြန်လည်တင်ပြသူ။

No comments:

Post a Comment