လောကကြီးတွင် လူအမျိုးမျိုး ရှိသည်။ တချို့က လှပသော ဘဝကို တည်ဆောက်နိုင်ကြပြီး သမိုင်းကြောင်း ကောင်းသူအဖြစ် ရပ်တည် သွားနိုင်ကြသည်။
တချို့က အရုပ်ဆိုး အကျည်းတန်သော ဘဝကို တည်ဆောက်ပြီး သမိုင်းကြောင်း မကောင်းသူ အဖြစ် ရပ်တည် သွားကြသည်။
လှပသောဘဝဆိုသည်မှာ မိမိနှင့် သူတစ်ပါး
အကျိုးကို သယ်ပိုး ပေးသော၊ ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ
သူတော်ကောင်း များ၏ ချီးမွမ်းခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။
သမိုင်းကြောင်း ကောင်းသူ ဆိုသည်မှာ အရှက်အကြောက် တရားနှင့် ပြည့်စုံပြီး
အဆုံးအမ တရားများဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင် သွားခြင်းကို
ဆိုလိုသည်။
အရုပ်ဆိုး အကျည်းတန်သော ဘဝဆိုသည်မှာ
မိမိနှင့် သူတစ်ပါး အကျိုးကို ဖျက်ဆီးသော၊
ရှက်ဖွယ်အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ သူတော်ကောင်း များ၏ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။ သမိုင်းကြောင်း မကောင်းသူ ဆိုသည်မှာ အရှက်နှင့် အကြောက်တရား နှစ်ပါး ကင်းမဲ့ပြီး အဆုံးအမ တရားများ ကင်းလွတ်စွာဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင် သွားခြင်းကိုဆိုလိုသည်။
ရှက်ဖွယ်အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ သူတော်ကောင်း များ၏ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။ သမိုင်းကြောင်း မကောင်းသူ ဆိုသည်မှာ အရှက်နှင့် အကြောက်တရား နှစ်ပါး ကင်းမဲ့ပြီး အဆုံးအမ တရားများ ကင်းလွတ်စွာဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင် သွားခြင်းကိုဆိုလိုသည်။
စာပေသည် အသိပညာနှင့် အသိ အလိမ္မာကို
ပေးသည်။ စာပေနှင့် မပြတ်ထိတွေ့ နေလေလေ အသိပညာနှင့် အသိ အလိမ္မာ ကြီးလေလေ
ဖြစ်သည်။ ကြီးမားသော အသိပညာနှင့် အသိ အလိမ္မာကြောင့် လှပသော ဘဝနှင့်
ဂုဏ်ယူဖွယ် ကောင်းသော သမိုင်းကြောင်းကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။
စာပေနှင့် ထိတွေ့မှု နည်းပါး လေလေ အသိပညာနှင့် အသိ အလိမ္မာ နည်းပါးလေလေ
ဖြစ်သည်။ နည်းပါးသော အသိပညာနှင့် အသိ အလိမ္မာကြောင့် အရုပ်ဆိုး အကျည်းတန်သော
ဘဝနှင့် မကောင်းသော သမိုင်းကြောင်းကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။
စာဖတ်ခြင်းသည် လိမ္မာ ပါးနပ်မှုကို
ဖြစ်စေသည်။ စာပေများကို ဖတ်ရှု လေ့လာသည့် အခါ အသိငါးမျိုး ဖြစ်ပေါ်လာသည်။
ယင်းတို့မှာ ဓမ္မညုတ ဟူသော အကြောင်းကို သိခြင်း၊ အတ္တညုတ ဟူသော အကျိုးကို
သိခြင်း၊ မတ္တညုတ ဟူသော အတိုင်းအရှည်ကို သိခြင်း၊ ကာလညုတ ဟူသော အချိန်
ကာလကို သိခြင်း၊ ပရိသညုတ ဟူသော ပရိသတ် သဘောကို သိခြင်း စသည်တို့ ဖြစ်သည်။
ဤအသိ ငါးမျိုးကို ပိုင်ဆိုင်မှုကြောင့် လိမ္မာ ပါးနပ်မှု ရှိလာသည်။ လိမ္မာ
ပါးနပ်မှုကြောင့် အရာရာကို သိလွယ် မြင်လွယ်သည်။ တတ်လွယ်သည်၊ သဘောပေါက်
နားလည် လွယ်သည်။ တစ်ထွာပြလျှင် တစ်တောင် မြင်သည်။ လိမ္မာ ပါးနပ်မှု ရှိနေသည့်
အတွက် ပတ်ဝန်းကျင် ကြီးက လိမ်ညာ၍ မရ၊ လှည့်စား၍ မရပေ။ ငါးစာကို သာမက
အတွင်း၌ လျှို့ဝှက်စွာ ရှိနေသော ငါးမျှားချိတ် ကိုပါ ထိုးထွင်း သိမြင်သည်။
အရာရာကို လှေနံဓားထစ် မကျင့်သုံးဘဲ ပြောင်းလဲနေသော ကာလ၊ ဒေသလိုက်၍
လိုက်လျော ညီထွေစွာ ပြုပြင် ပြောင်းလဲ နေထိုင်နိုင်စွမ်း ရှိသည်။
စာပေနှင့် မပြတ် ထိတွေ့ နေမှုကြောင့် ဤသို့ လိမ္မာပါးနပ် လာခြင်းဖြစ်သည်။
စာဖတ်ခြင်းသည် မှန်ကန်သော အတွေးအခေါ်ကို
ဖြစ်စေသည် မှန်ကန်သော အတွေးအခေါ်သည် ဘဝ အောင်မြင်မှု အတွက် မရှိလျှင်မဖြစ်သော
အရာ ဖြစ်သည်။ လောကကြီး တွင် မြင့်မားသော အရည်အချင်းများ ရှိပါလျက်နှင့်
အတွေးအခေါ် မှားယွင်း နေသောကြောင့် အောင်မြင်မှု မရဘဲ ဆုံးရှုံး
နေသူများရှိသည်။ ဘဝ အောင်မြင်မှု အတွက် အရည်အချင်းများ မြင့်မားရန်
လိုအပ်သကဲ့သို့ အတွေးအခေါ် မှန်ကန် နေရန်လည်း လိုအပ်သည်။ အတွေးအခေါ်
မှန်ကန်နေရန် မှန်ကန် ကောင်းမွန်သော အတွေ့အကြုံ များကို ခံစား နေရမည်။
အဘယ်ကြောင့် ဆိုသော် အတွေးအခေါ်သည် အတွေ့အကြုံပေါ် မူတည်ပြီး ဖြစ်ပေါ်လာသော
ကြောင့်ဖြစ်သည်။ ကောင်းသော အတွေ့အကြုံ များကို တွေ့ကြုံ ခံစား နေပါက
မှန်ကန် ကောင်းမွန်သော အတွေးအခေါ်များ ဖြစ်ပေါ်လာပြီး မကောင်းမွန်သော
အတွေ့အကြုံ များကို တွေ့ကြုံ ခံစားနေပါက မှားယွင်းသော အတွေးအခေါ်များ
ဖြစ်ပေါ်လာမည်။ စာပေများကို မပြတ် ဖတ်ရှု လေ့လာ နေခြင်းသည် အတွေ့အကြုံ
ကောင်းများကို စာတွေ့အားဖြင့် ခံစားနေခြင်း ဖြစ်သည်။ ဤအတွေ့အကြုံ
ကောင်းများကြောင့် မှန်ကန်သော အတွေးအခေါ်များ ဖြစ်ပေါ် လာသည်။ စာပေနှင့်
မပြတ် ထိတွေ့ နေမှုသည် အတွေးအခေါ် မှန်ကန်ရေးကို များစွာ အထောက်အကူ ပြုသည်။
စာဖတ်ခြင်းသည် စဉ်းစား ဆင်ခြင် ဥာဏ်ကို
ရင့်သန်စေသည် ဘဝ ခရီးရှည်ကြီးကို ဖြတ်သန်းရင်း ခက်ခဲသော ပြဿနာများကို
ဖြေရှင်းရမည်။ နက်နဲသော ဆုံးဖြတ်ချက် များကို ချမှတ်ရမည်။ ဤသို့သော
အခြေအနေနှင့် အချိန်အခါ မျိုးတွင် စဉ်းစား ဆင်ခြင်ဥာဏ် ရင့်သန်ရန်
လိုအပ်သည်။ စဉ်းစား ဆင်ခြင်ရာတွင် သိရှိပြီးသား အချက်အလက်များ အပေါ်
အခြေခံသည်။ သိရှိပြီး အချက်အလက် ပြည့်စုံကြွယ်ဝ လေလေ စဉ်းစား ဆင်ခြင်မှု
ရင့်သန်လေလေ ဖြစ်ပြီး သိရှိပြီး အချက်အလက် နည်းပါးပါက စဉ်းစား ဆင်ခြင်မှု
အဆင့်နိမ့်မည်။ စာပေများကို ဖတ်ရှု လေ့လာ နေခြင်းသည် မသိသေးသော အချက်အလက်
အကြောင်းအရာ များကို ပိုမိုစုဆောင်း နေခြင်း ဖြစ်သည်။ စာဖတ်စွမ်းအား
မြင့်မား လာသည်နှင့် အမျှ အချက်အလက် သစ်များကို ပိုမို ရရှိလာပြီး စဉ်းစား
ဆင်ခြင်ဥာဏ် ပိုမိုရင့်သန် လာသည်။ စာဖတ်စွမ်းအား မြင့်မားမှုသည် စဉ်းစား
ဆင်ခြင်ဥာဏ် ရင့်သန်မှုကိုများစွာ အထောက်အကူ ပြုသည်။
စာဖတ်ခြင်းသည် အသိတရားနှင့်သတိတရားကို
ကြီးမားစေသည်စာပေများကို ဖတ်ရှုပြီး ဖတ်ရှုပြီး အကြောင်းအရာ များကို မှတ်သား
ထားမှသာ အသိတရား တိုးပွားလာသည်။ ယင်းအသိတရား များကို သင်ခန်းစာများ အဖြစ်
သုံးသပ် ဖော်ထုတ်ပြီး အမြဲ အောက်မေ့ဆင်ခြင် သုံးသပ် နေခြင်းသည် သတိတရားပင်
ဖြစ်သည်။ လူသည် အသိနှင့် သတိ ဟန်ချက်ညီညီ ကြီးမားရမည်။ သတိကြီးပြီး အသိဥာဏ်
နည်းပါးပါက ခရီးမရောက် ဖြစ်တတ်သည်။ ထို့အတူ အသိ ကြီးမားပြီး သတိမကြီး
ပါကလည်း အမှားကြီး မှားတတ်သည်။ ကြီးမားသော အသိကို သတိဖြင့်
မထိန်းချုပ်နိုင်သည့် အတွက် အမှားကြီး မှားသွားသူများ အထင်အရှား ရှိသည်။
အသိနှင့် သတိကို ဟန်ချက်ညီညီ ကြီးမားအောင်
အထောက်အကူ ပြုသောအရာမှာ စာပေပင် ဖြစ်သည်။ အသိနှင့် သတိသည် မရရှိသေးသော
တိုးတက် အောင်မြင်မှု များကို ရရှိစေပြီး ရရှိပြီး ဖြစ်သော တိုးတက်
အောင်မြင်မှု များကို တည်တံ့ ခိုင်မြဲစေသည်။ စာပေနှင့် အမြဲမွေ့လျော်
နေသူသည် အောင်မြင်ပြီး တည်ငြိမ်သော ဘဝကို ပိုင်ဆိုင် ရသည်။
စာဖတ်ခြင်းသည် အတောက်ပ ဆုံးသော
အလင်းရောင်ကို ပေးသည်။ ဖယောင်းတိုင် ဆီမီး စသည်တို့သည် အလင်းရောင်ကို
ပေးနိုင်သည်။ ယင်းတို့ထက် ပိုပြီး တောက်ပသော အလင်းရောင်ကို ငွေစန္ဒာ လမင်းက
ပေးနိုင်သည်။ငွေစန္ဒာ လမင်းထက် ပိုပြီး တောက်ပသော အလင်းရောင်ကို သူရိန်
နေမင်းက ပေးနိုင်သည်။ သူရိန်နေမင်း၏ အလင်းရောင်ထက် ပိုပြီး တောက်ပသော
အလင်းရောင်ကို ပညာက ပေးနိုင်သည်။ အလင်းတကာ့ အလင်းများ အနက် ပညာ၏
အလင်းရောင်သည် အတောက်ပ ဆုံးဟု ဆိုရမည်ဖြစ်သည်။ စာပေသည် ပညာကို ဆိုလိုခြင်း
ဖြစ်ရာ စာပေ၏ အလင်းရောင် တစ်နည်းအားဖြင့် ပညာ အလင်းရောင် သည်သာ
အတောက်ပဆုံးဟု ဆိုရမည်သာ ဖြစ်သည်။ လမင်း၊ နေမင်းတို့၏ အလင်းရောင်သည် သဘာဝ
အမှောင်ထုကိုသာ ဖယ်ရှား ပေးနိုင်ပြီး လောက၏ ကိလေသာ အမှောင်ထုကို ဖယ်ရှား
မပေးနိုင်။ သို့သော် စာပေ အလင်းရောင် ဟူသော ပညာ အလင်းရောင် ကမူ သဘာဝ
အမှောင်နှင့် ကိလေသာ အမှောင်ထုကြီး ကိုပါ ဖယ်ရှား ပေးနိုင် ပါသည်။
စာပေဟူသော အလင်းရောင်ဖြင့် ဘဝ ခရီးကို လျှောက်လှမ်းမှသာ လမ်းမှန်ကို
ရွေးချယ်နိုင်ပြီး လိုရာခရီး ရောက်ရှိမည် ဖြစ်ပါသည်။
စာဖတ်ခြင်းသည် ပညာရှိ သူတော်ကောင်းကို
ဆည်းကပ် နေခြင်းဖြစ်သည်။ ပဏ္ဍိတာ နဉ္စသေဝနာ ပညာရှိ သူတော်ကောင်းကို
ပေါင်းဖော် ဆည်းကပ်ခြင်းသည် မင်္ဂလာ မည်၏ဟု မြတ်ဗုဒ္ဓက ဆုံးမခဲ့သည်။
''ရဟန်းတို့ ဘေးရန် ဟူသမျှ၊ အန္တရာယ် ဟူသမျှသည် လူမိုက်ကြောင့် သာလျှင်
ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်၊ ရဟန်းတို့ လူမိုက်သည် ဘေးရန်ရှိ၏၊
အန္တရာယ် ရှိ၏၊ ပူဆွေးမှု ရှိ၏၊ ပညာရှိကြောင့် ဘေးရန်မရှိ၊ အန္တရာယ်မရှိ၊
ပူဆွေးမှုမရှိ။ ထို့ကြောင့် စဉ်းစား ဆင်ခြင်ဥာဏ်ရှိသော ပညာရှိ
သူတော်ကောင်းကို ပေါင်းဖော် အပ်၏''ဟု မိန့်တော် မူခဲ့သည်။ ပညာရှိ
သူတော်ကောင်းများ ရေးသားထားသော စာအုပ်စာပေ များသည် ပညာရှိ သူတော်ကောင်း
များ၏ ကိုယ်စားများ ဖြစ်သည်။ ယင်းစာပေ များကို အစဉ်မပြတ် ဖတ်ရှု လေ့လာ
နေခြင်းသည် ပညာရှိ သူတော်ကောင်း များနှင့် ပေါင်းဖော် ဆည်းကပ်
နေခြင်းဖြစ်သည်။ စာပေများကို ဖတ်ရှု လေ့လာမှု မြင့်မားသည်နှင့် အမျှ
အသိပညာနှင့် အသိ အလိမ္မာ သည်လည်း ကြီးမားသည်ထက် ကြီးမားလာသည်။ အသိပညာနှင့်
အသိ အလိမ္မာ ကြီးမားနေမှသာ တန်ဖိုးရှိသောသူ၊ ဂုဏ်သိက္ခာနှင့် ပြည့်စုံသောသူ
ဖြစ်မည်။
အထက်ပါ အကြောင်းအရာ များကို
အကျဉ်းချုပ်ပါက စာပေနှင့် မွေ့လျော် နေသူသည် အကျိုးရလဒ် ခြောက်မျိုးက
ိုရရှိသည်။ ယင်းတို့မှာ လိမ္မာ ပါးနပ်မှု၊ အတွေးအခေါ် မှန်ကန်မှု၊ စဉ်းစား
ဆင်ခြင်ဥာဏ် ရင့်သန်မှု၊ အသိနှင့် သတိ ကြီးမားမှု၊ အတောက်ပဆုံးသော
အလင်းရောင်ကို ပိုင်ဆိုင်မှု၊ ပညာရှိ သူတော်ကောင်းနှင့် အမြဲ ပေါင်းဖက်နေမှု
စသည်တို့ ဖြစ်သည်။ ဤအချက် များကြောင့် မိမိ၏ ဘဝကို တည်ငြိမ် အေးချမ်းပြီး
ဂုဏ်သိက္ခာနှင့် ပြည့်စုံစေရန် ဆောင်ရွက် နိုင်သည်သာ မက နိုင်ငံနှင့်
လူမျိုးကိုလည်း တည်ငြိမ် အေးချမ်းပြီး ဂုဏ်သိက္ခာ မြင့်မား လာစေရန်
ဆောင်ရွက်ပေးနိုင်သည်။
စာပေကို လေးစား တန်ဖိုးထား အစဉ်အမြဲ
ဖတ်ရှု လေ့လာ နေခြင်းသည် မိမိ အမျိုးသား စာပေကို ရေရှည် တည်တံ့ ခိုင်မြဲ
နေစေရန် ကာကွယ် စောင့်ရှောက် ပေးနေသည့် သဘောကို ဆောင်သည်။ အမျိုးသား
စာပေကို ချစ်ခင် မြတ်နိုးခြင်းသည် မျိုးချစ်စိတ် ရှင်သန် ထက်မြက်နေခြင်းကို
ပြဆိုသည်။ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို တစ်နည်းတစ်ဖုံ မြှင့်တင်နေခြင်း
ဖြစ်သည်။
နိဂုံးချုပ် အားဖြင့် ဆိုရသော်
ကျွန်ုပ်တို့၏ စာဖတ် စွမ်းအားကို မြှင့်တင်ပြီး မိမိဘဝ၊ နိုင်ငံနှင့်
လူမျိုး၏ ဘဝကို အလှဆင် ကြပါစို့၊ အမျိုးသား စာပေကို ကာကွယ် စောင့်ရှောက်
ကြပါစို့၊ နိုင်ငံနှင့် အမျိုးဂုဏ်ကို မြှင့်တင်ကြပါစို့ဟု အလေးအနက်
တိုက်တွန်းအပ် ပါသည်။ ။
http://www.myawady.net.mm/library/stories/storiesforall/item/8057-2013-02-28-13-45-50
No comments:
Post a Comment