“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, November 8, 2012

ခြေသလုံး ကြွက်သား ကျန်းမာရေး

လူ့ခန္ဓာကိုယ်မှာ နှလုံးလိုပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေ ညှစ်ပေးတဲ့ လုပ်ဆောင်မှုချင်းတူတဲ့ ခြေသလုံး ကြွက်သားတွေရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်မိလေ့ မရှိပါဘူး။ ဒါကြောင့်လည်း ခြေသလုံး ကြွက်သားတွေ ရောင်ရမ်းတာကနေ သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့မှုကြောင့် အသက်အန္တရာယ် ရှိတဲ့အကြောင်းကို လူအများ သတိမမူမိကြဘူးလို့ ရန်ကုန် ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သား ရောင်ရမ်းခြင်းဟာ ဘယ်လိုအန္တရာယ်တွေ ရှိနိုင်တယ်။ ဘယ်လိုတွေ ကာကွယ်နိုင်မလဲ ဆိုတာကို ရန်ကုန်တိုင်းမ် ဂျာနယ်မှ တင်ဆက် ပေးလိုက်ပါတယ်။

ခြေသလုံးကြွက်သား လုပ်ဆောင်ချက်

ခြေသလုံးကြွက်သားများသည် နှလုံးကဲ့သို့ပင် သွေးများအား ညှစ်ပေးပြီး ခြေထောက် အောက်ပိုင်းသို့ ရောက်နေသော သွေးများကို နှလုံးသို့ ရောက်စေရန် ညှစ်ပေးသော လုပ်ဆောင်မှု ရှိကြောင်း သိရသည်။ “နှလုံးကတော့ သွေးတွေကို တစ်ကိုယ်လုံး ရောက်အောင် ညှစ်ပေးတယ်။ ခြေသလုံးကြွက်သားကတော့ ခြေထောက်အောက်ပိုင်း ရောက်နေတဲ့ သွေးတွေကို နှလုံးကို ရောက်အောင် ညှစ်ပေးတယ်။ ခြေသလုံးကြွက်သားတွေ ရောင်ရင်တော့ သေတတ်တယ်ဆိုတာလည်း ဟုတ်တယ်။ ခြေသလုံးကြွက်သားတွေက မညှစ်လို့ရှိရင် သွေးက ခြေထောက်မှာ လာပုံနေမယ်၊ နှေးသွားမယ် ဆိုရင်တော့ သွေးခဲပြီး ဒုက္ခပေးနိုင်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောသည်။

မှန်မှန်စီးတဲ့ သွေးသဘော

လူ့ခန္ဓာကိုယ်တွင် စီးဆင်းလျက်ရှိသော သွေးသဘောမှာ မှန်မှန်စီးနေပါက အနည်ထိုင်ခြင်း မရှိဘဲ အကြောင်းတစ်ခုခုကြောင့် သွေးစီးဆင်းမှု နှေးသွားလျှင် သွေးခဲသွားတတ်သည့် သဘောရှိကြောင်း သိရသည်။

ဒီလိုဖြစ်ရင် နှေးတတ်တယ်

“ဘယ်အခါမျိုးမှာ နှေးသွားသလဲ ဆိုရင် ခြေသလုံး ကြွက်သားတွေက လှုပ်နေရမယ်။ မလှုပ်တာ ကြာသွားရင်တော့ ခြေထောက်ထဲမှာ သွေးက စီးတာ နှေးသွားတတ်တယ်။ ဒီအခါမျိုးမှာတော့ ကိုယ်က ဂရုစိုက်နိုင်ရင် အကောင်းဆုံးပေါ့” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ခြေသလုံးကြွက်သားသည် လမ်းလျှောက်ပါက လမ်းတစ်လှမ်း လှမ်းတိုင်း ကျုံ့ကျုံ့ပေးရလေ့ ရှိပြီး ကြွက်သားများ ကျုံ့သွားကာ ကာယကံရှင် မသိသော်လည်း လမ်းလျှောက်နေချိန်တွင် သွေးများက နှလုံးကို ပြန်သွားသည့် သဘောရှိပြီး အထိုင်များခြင်း၊ လှုပ်ရှားမှု နည်းခြင်းများ ဖြစ်ပါက ခြေသလုံးကြွက်သားများ အလုပ်မလုပ်တော့ကြောင်း သိရသည်။ “အထူးသဖြင့်တော့ ခရီးဝေး ကားစီးတယ်ဆိုရင် ခြောက်နာရီလောက် ကျော်ပြီးတော့ ထိုင်ရတယ်။ လေယာဉ်ခရီးရှည်၊ ကားတွေ ခရီးရှည် စီးတဲ့အခါ ခြေထောက်ကလဲ ဆန့်လို့မရ၊ ထလို့လဲမရ၊ ကွေးလို့မရတော့ ခြေသလုံးကြွက်သားတွေက မလှုပ်ဘူး ဖြစ်နေတယ်ဆိုရင် သွေးတွေက အပေါ်ကို ပြန်မတက်တော့ဘဲနဲ့ အဲဒီထဲမှာ ခဲသွားနိုင်ပါတယ်” ဟု ဆက်လက် ရှင်းပြခဲ့သည်။

သွေးခဲရင် ဒါတွေဖြစ်နိုင်

ခြေသလုံးကြွက်သားတွင် သွေးခဲပါက ခြေသလုံးကြီးလာခြင်း၊ ရောင်လာခြင်းများ ခံစားရပြီး ခြေသလုံးအတွင်းမှ သွေးခဲက တဖြည်းဖြည်း ပေါင်ထိ တက်လာကာ ရောင်လာနိုင်ပြီး သွေးခဲပြုတ်ကာ သွေးကြောများမှတစ်ဆင့် နှလုံးမှဖြတ်ကာ အဆုတ်ထဲတွင် သွား၍ ပိတ်ဆို့ကာ အဆုတ်ပုပ်သွားခြင်း၊ အဆုတ်သွေးကြော ပိတ်သေဆုံးခြင်းများ ဖြစ်နိုင်ကြောင်း သိရသည်။ “သွေးခဲက တံကောက်ကွေး အထက်ကိုပါ တက်ပြီး ခဲလာပြီဆိုရင် နောက်တစ်ဆင့်က အဲဒီသွေးခဲက ပြုတ်ပြီးတော့ နှလုံးဘက်ကို ပြန်ပါသွားတယ်။ ပြန်ပါသွားရင် နှလုံးရဲ့ ယာဘက်ခန်း ပြီးတော့မှ အဆုတ်၊ အဆုတ်ထဲ ရောက်တဲ့အခါကျတော့ ဆက်သွားလို့ မရတော့ဘူး၊ တစ်နေတယ်။ အဆုတ်သွေးကြောထဲမှာ သွေးခဲကြီးဆို့နေရင် ရုတ်တရက် သွေးလည်ပတ်မှု ရပ်တယ်။ ရပ်တာနဲ့ ရင်ဘတ်ထဲက အောင့်တယ်၊ အောင့်တယ်ဆိုပြီး သေတတ်တယ်။ အမှတ်တမဲ့တော့ နှလုံးသွေးကြော ပိတ်နဲ့တော့ မှားတတ်တာပေါ့။ တကယ်တမ်းကတော့ ခြေထောက်ကြွက်သား ရောင်တာကနေ စတဲ့ ပြဿနာပါပဲ” ဟု ဒေါက်တာချစ်စိုးက ပြောသည်။

ပိုးဝင်ရင်လည်း ရောင်ရမ်းနိုင်

ခြေထောက်ထဲသို့ ပိုးဝင်ပါကလည်း ရောင်ရမ်းနိုင်ပြီး ပိုးဝင်၍ ခြေထောက်ရောင်သည့် ပုံစံမှာ နီရဲနေတတ်ခြင်း၊ ထိလျှင်နာခြင်း၊ ယင်းအပြင် ပုံမှန် အသားရှိသော နေရာနှင့် ပိုးဝင်သည့်နေရာကို ပိုင်းခြားထားသည့် စည်းပုံစံ ရှိကြောင်း သိရသည်။ “ပိုးဝင်တဲ့ နေရာက နီရဲနေတယ်။ သတ်မှတ်ထားတဲ့ နယ်စည်းခြားလေး နယ်နိမိတ်လေး ရှိတယ်။ နာလဲနာ ပူလဲပူ ရဲလဲရဲတယ် ဆိုရင်တော့ ဆယ်လူလိုက်တစ်လို့ ခေါ်တယ်။ ပိုးသတ်ဆေးတွေပေးရင် ပျောက်ပါတယ်” ဟု ရှင်းပြသည်။

ဒီလိုတွေ စစ်ကြည့်နိုင်တယ်

အာထရာဆောင်း ရိုက်ခြင်းဖြင့် ခြေသလုံး သွေးပြန်ကြောတွင် သွေးခဲနေခြင်းကို သိရှိနိုင်ကာ သွေးခဲပျော်စေသောဓာတ် တိုင်းတာကြည့်ပါကလည်း သိရှိနိုင်ကြောင်း သိရသည်။ “ခန္ဓာကိုယ်ထဲမှာ သွေးခဲနေရင် ကြိုးစားပြီး သွေးခဲပျော်စေတဲ့ ဓာတ်က အလိုလို ထွက်ပါတယ်။ အဲဒီဓာတ်တွေ တိုင်းတာကြည့်လို့များ နေရင်လဲ သိနိုင်ပါတယ်” ဟု ဆိုသည်။

ဒီလိုတွေ ကာကွယ်ပါ

ခြေသလုံးကြွက်သား သွေးကြောပိတ်ခြင်းသည် လေယာဉ်၊ ကား၊ ခရီးရှည် စီးသည့်အခါ၊ ခြေထောက်တွဲလောင်း ကြာရှည်စွာ ချခြင်း၊ တစ်နေကုန် ရပ်နေရခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပြီး လေဖြတ်ဝေဒနာ ခံစားရသူများ သာမက အပူထုတ်ခြင်းများ ပြုလုပ်သည့်အခါ သွေးကြောကို ဖိထားခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ “အပူထုတ်လို့ရှိရင် သွေးတွေက ဝုန်းခနဲစီးသွားတယ်။ အဲဒီလိုလုပ်တဲ့ အခါမှာလည်း သွေးကြောနံရံတွေက ပွန်းတယ်။ ဖိထားလို့ သွေးမလျှောက်တဲ့ အချိန်မှာ ပျက်စီးတယ်။ ခဏနေရင် သွေးခဲတွေ လာကပ်တာလဲ ရှိတယ်။ သွေးကြောနံရံတွေ ပျက်စီးအောင် အတင်းနှိပ်တယ်၊ နယ်တယ်ဆိုရင်လဲ သွေးကြောတွေ ပိတ်နိုင်တယ်” ဟု သတိပေး ပြောကြားခဲ့သည်။

ကား၊ လေယာဉ်တို့နှင့် ခရီးသွားနေသည်ဆိုပါက ခြေထောက်များကို ကွေးလိုက်ဆန့်လိုက် မကြာခဏ လုပ်ပေးရန် လိုအပ်ကာ လေဖြတ်ဝေဒနာရှင်များကိုလည်း လူနာစောင့်မှ ခြေထောက်များကို ကိုင်ကာဘေးသို့ ကားပေးခြင်း၊ စုပေးခြင်းများကို လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း သိရသည်။ ခြေဖျားကို မြေကြီးကို ဖိနင်းပေးခြင်း၊ ပြန်လျှော့ပေးခြင်းများဖြင့် ကြွက်သားများကို ညှစ်လိုက်လျှော့လိုက်ဖြစ်အောင် လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါရောဂါသည် ပေါ့ဆမနေသင့်ဘဲ ချက်ချင်းသိပြီး ကုသနိုင်ပါက အသက်အန္တရာယ် မရှိနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် တင်ဆက် ပေးလိုက်ပါသည်။

ငွေစန္ဒီ
By Yangon Times Journal 
http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1466388&xgs=1&xg_source=msg_share_post

No comments:

Post a Comment