မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူစဉ် ပါဝေယျကတိုင်းသား
ရဟန်း(၃၀)တို့သည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင်တို့ကို ဆောင်ကြလေသည်။
ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြ
သည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် “ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးနေတော်
မူ၏။ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။
ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်
ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။
လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်
ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။
ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာ
ကြရလေကုန်သည်။
ထိုအခါ မြတ်စွာဘုရားသည်“ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှုမဖြစ်
သည်၍ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည် “တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊
ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား။
တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကိုဖူးမြင်
ရန်သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား။
ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်ဘုရား”
ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော်အပါးသုံးဆယ်
တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။
ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။
ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။
(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။
ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း
ဖြစ်ပါတယ်။
တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။
(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
“အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။
ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား
(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။
ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်
တိုင်ဖြစ်ပေသည်။ ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွ
ဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။
ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက“ဘုရားမှာတော့စိန်၊ကျောင်းမှာ
တော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။
ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။
ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။
ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။
ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသောသင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။
ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်
ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာ လအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန်ခင်း
ခြင်းဖြစ်သည်။
ညှပ်မကြီး
ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်
မဟုတ်။
ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှဆင်းသက်လာသည်။
“ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီးကထိန်ခင်းထိုက်သောရဟန်းကိုကထိန်သင်္ကန်းပေးရသည်။
ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ဥတ်သင်္ကန်းဟူသည် ရဟန်းများ အသုံးပြုတော်
မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း၊ ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။
မျက်မှောက်ခေတ်ကထိန်
ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်
မှကြည်နူးစရာကောင်းလှပေသည်။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှတန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်
သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။
ရပ်ကွက်အလိုက်၊ အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။
တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ ရည်ရွယ်ချက်သည်ကားကြည့်ရှုသူဗုဒ္ဓဘာသာဝင်တို့သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။
ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်
ကား အထူးပြောဖွယ်မလိုတော့ပေ။
သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏အဓိပ္ပာယ်ကို
ကား တိတိကျကျ မသိတော့ချေ။
ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကိုထိုပဒေသာပင်ကြီး
တွေပို့လိုက်သည်ကိုပင် ကထိန်ဟုထင်မှတ်နေကြသည်။
ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။
အကာဖြစ်သောတီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်
အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။
ထိုကြောင့်ငွေကုန်လူပန်းဖြစ်နေလေ၏။ဤသည်ပင်လျှင်အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုံးချုပ်လိုက်
ရပေသည်။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1486235&xgs=1&xg_source=msg_share_post
No comments:
Post a Comment