“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, April 14, 2014

“သင်္ကြန်”....တဲ့လား


“ဧပရယ်(ဧပြီ)”..တဲ့လား...
“သင်္ကြန်”..တဲ့လား..
“ပိတောက်”..တဲ့လား....
မပြောပါနဲ့...မပြောကြပါနဲ့...

ဧပြီလမှာ မွေးခဲ့တဲ့ “ပိတောက်ဖူး”ဆိုတဲ့ ကျမရယ်...
သင်္ကြန်မှာ ခွဲခွာခဲ့ရတဲ့ သံယောဇဉ်အရှိဆုံး“သူနက်ရောင်”ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ဒဏ္ဍာရီမဟုတ်ခဲ့တဲ့ ဒဏ္ဍာရီလေးတပုဒ်... ရှိခဲ့တယ်ဆိုတာ ...
“သင်္ကြန်”ကိုစောင့်ကြပ်တဲ့ သင်္ကြန်ဝိဥာဉ်တွေကလွဲလို့ ဘယ်သူတွေက ပိုသိနိုင်အုံးမှာလဲ...

“ဧပြီ”လမှာမွေးခဲ့တဲ့ သူမ..၊ ဝိုင်းစက်သော မျက်လုံး..၊ ဝါဝင်းသော အသားရောင်ပိုင်ရှင်၊ သွယ်လျှသောခန္ဓာ၊ မြင့်မားသောအရပ်နှင့် ရှည်လျှားဖြောင့်စင်းသော သူမ၏ ဆံနွယ်တို့ကြောင့် “ပိတောက်ဖူး” ဆိုသည့် အမည်လေးကို မိဘများက ပေးခဲ့ခြင်းဖြစ်သည်။

တစ်ဦးတည်းသော သမီးလေးမို့ မိဘများ၏ မေတ္တာ၊ အကြင်နာများအားလုံးကို ပိုင်စိုးထားသူ ပိတောက်ဖူးကို..“ဧပြီလ” မှာမွေးခဲ့သည်မို့လားမသိ၊ သူမ သင်္ကြန်ကိုချစ်သည်၊ ပိတောက်ကိုမြတ်နိုးသည်၊ ဖြူသောအဝတ်တန်ဆာ၊ အဝါနုရောင်(သို့မဟုတ်) အရောင်နုနုလေးများကိုရွေး၍ဝတ်ဆင်တတ်သူ၊ လူချစ်လူခင်ပေါသလောက် တစ်ယောက်ထဲနေတတ်သောသူမ ၊ သူမစိုက်ပျိုးထားသော စံပ္ပါယ်ပင်များကြားတွင် အမြဲတန်းလိုလိုအလုပ်ရှုပ်နေတတ်သည်။

သူမကိုယ်တိုင် စိုက်ပျိုးထားသော စံပ္ပါယ်ပင်များမှ စံပ္ပါယ်ပန်းလေးများပွင့်လာလျှင် သူမပျော်သည်၊ ထိုစံပ္ပါယ်ပွင့်လေးများကို မည်သူ့ကိုမှ ခူးယူခြင်းမပြုပဲ အပင်ပေါ်မှကြွေကျသွားသော စံပ္ပါယ်ပန်းခြောက်လေးများကိုပင် ကောက်ယူသိမ်းဆည်းတတ်သူဖြစ်သည်။
သူမ၏ ဘဝတွင် သံယောဇဉ်အတွယ်ရဆုံးအရာများမှာ “သူနက်ရောင်” ဟုခေါ်သော ကောင်လေးတစ်ယောက်နှင့် သူမစိုက်ပျိုးထားသော စံပ္ပါယ်ပင်များပင်ဖြစ်သည်။

သူမတွင် တစ်လမ်းထဲနေ နွေရာသီကို အလွန်မုန်းသည့် “သူနက်ရောင်” ဟုခေါ်သော ကျောင်းနေဖက် ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိသည်။
“သူနက်ရောင်” ကတော့ ဖခင်က ဗိုလ်မှုး၊ မိခင် က တက္ကသိုလ်တွင် ကထိက၊ အမ(၃)ယောက်၏ အလိုလိုက်မှုအပေါ်တွင် အခွင့်ကောင်းယူ၍ ထင်ရာစိုင်းတတ်သော်လည်း သူငယ်ချင်း “ပိတောက်ဖူး” ၏ အပေါ်မှာတော့ အလွန်ကြင်နာတတ်သူဖြစ်သည်။

တစ်လမ်းထဲအတူကြီးပျင်းလာသူ၊ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ၏ ဘေးတွင် ကိုယ်ရံတော်တပ်မှုးလေးလုပ်ပေးရင်း“ပိတောက်ဖူး” ကိုချစ်နေသူလည်းဖြစ်သည်။
တစ်လမ်းထဲအတူနေပြီး ကြီးပျင်းလာသူများဖြစ်သည်က တစ်ကြောင်း၊ ကျောင်းတွင်လည်း ပိတောက်ဖူး ၏ဘေးတွင် သူနက်ရောင်အမြဲတန်းရှိနေသည်က တစ်ကြောင်းကြောင့် ပိတောက်ဖူးမှာ ဘာမဆို သူနက်ရောင်ကို အားကိုးသည်..၊ သူနက်ရောင် ကလည်း ပိတောက်ဖူး၏ ပါးစပ်မှ “ငါဘာမှမသိဘူး..နင်ပြောပြ..နင့်သဘော” ဆိုသည့် စကားလုံးများကြားတွင် ဂုဏ်ယူစွာလုပ်ပေးရင်း နစ်မျောနေတတ်သည်။

ပိတောက်ဖူးမှာလည်း သူနက်ရောင် ပြောသမျှကို ယုံကြည်တတ်သူဖြစ်သည်၊ ယုတ်အစွဆုံး သူနက်ယောင်မှ လုပ်ကြံဇာတ်လမ်းထွင်၍ ပြောလျှင်တောင် ခေါင်းတညိတ်ညိတ်နှင့် နားထောင်ရင်း ယုံခဲ့သည့် ပိတောက်ဖူး။ အချိန်တိုင်းလိုလို လမ်းထဲတွင်ရှိနေတတ်သော သူနက်ရောင်မှာ ပိတောက်ဖူး၏ လှုပ်ရှားမှုတိုင်းကို သိနေတတ်သည်၊ ပိတောက်ဖူး၏ အိမ်ပတ်ဝန်းကျင်မှ ရွယ်တူ ယောက်ျားလေးများနှင့် သူနက်ရောင်ပေါင်းပြီး ပိတောက်ဖူး၏ လှုပ်ရှားမှုများကို မျက်ချေမပြတ်စောင့်ကြည့်တတ်သည်။
သူနက်ရောင်၏ လွှမ်းမိုးမှုအောက်တွင် ပိတောက်ဖူး နေသားကျနေပြီဖြစ်သလို ၊ သူနက်ရောင်မှာလည်း ပိတောက်ဖူး၏ အရိပ်လေးဖြစ်လာခဲ့ရင်း နှလုံးသား တံခါး“စ”အဖွင့်တွင် တစ်ဦးကိုတစ်ဦးနေရာပေးရင်း ချစ်သူများအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

သူတို့နှစ်ဦး ချစ်သူဖြစ်ခဲ့ပုံမှာ “ဧပြီလ (၁)ရက်နေ့”တွင် သူနက်ရောင်နှင့် ပိတောက်ဖူးတို့ သူငယ်ချင်းများအား April Fool လိုက်လုပ်ရင်း သူနက်ရောင်မှ ကောက်ခါ ငင်ခါ “သူငယ်ချင်းများအားလုံးကို ကြေငြာပါမယ်... အားလုံးနားထောင်ကြပါ... ကျနော် သူနက်ရောင်နဲ့ ပိတောက်ဖူးတို့ ဒီနေ့မှ “စ”၍ ချစ်သူတွေဖြစ်သွားကြပါပြီ” ဟု ထအော်ရာမှ ရှင်းမရတော့ပဲ သူငယ်ချင်းအဖြစ်မှ ချစ်သူအဆင့်သို့ ကူးပြောင်းခဲ့လေတော့သည်။
ပိတောက်ဖူးနှင့် သူနက်ရောင်တို့မှာ တခြားချစ်သူများကဲ့သို့ မခေါ်ဝေါ်ကြ၊ “ပိတောက်”...“ကိုသူ”..“နင် နဲ့ငါ”ဟုသာ သုံးနှုံးကြသည်။

သူတို့နှစ်ဦး ချစ်သူသက်တန်း(၁)နှစ်ခန့်အကြာတွင် ပိတောက်ဖူးတို့နေသော လမ်းထဲသို့ မိသားစု တစ်စု ပြောင်းရွှေ့လာသည့်ထဲတွင် “သပြေညို” အမည်ရှိ ဆေးသက္ကသိုလ်တက်ခွင့်ရရှိထားသူ တစ်ယောက်လည်း ပါဝင်သည်။ သပြေညို၏အဖိုးမှာ ဆရာဝန်၊ ဖခင်က မြန်မာ့အသံမှဝန်ထမ်း၊ မိခင်မှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်သဖြင့် မာန်ရှိသည်၊ သူမ ဖြစ်ချင်တာ..ဖြစ်ရမည်၊ လိုချင်တာ..ရ ရမည်၊သူမ လိုချင်တာကို အနုနည်းနဲ့မရလျှင် အကြမ်းနည်းနဲ့မရ ရအောင်ယူတတ်သည့် “ငါ”စွဲရှိသည်။

ဧပြီလရဲ့သင်္ကြန်ရာသီနေ့လေးများသို့ရောက်တိုင်း.... ပိတောက်ဖူးတို့ လမ်းထိပ်တွင် နှစ်စဉ် မဏ္ဍပ်ထိုး၍ လမ်းထဲမှ လူငယ်များ ရေပက်ကြသည်၊မုန့်လုပ်စားကြသည်။
အဲဒီနေ့တွေမှာ “ မြူမှောင်ဝေကင်း” သီချင်းကို သူနက်ရောင်မှ သီဆိုပြီး ပိတောက်ဖူး၏ အကတို့မှာ ထိုမဏ္ဍပ်၏ ပင်တိုင် သင်္ကြန်မောင်မယ်များအဖြစ် နေရာယူလျှက်ရှိသည်၊ ပန်းကြိုက်သော်လည်း ပန်းမပန်တတ်သော ပိတောက်ဖူးမှာ သူနက်ရောင်ကပေးသော ပိတောက်ပန်းများကိုမူ သူမ၏ ရှည်လျှားသောဆံကေသာတွင် ပန်ဆင်ထားတတ်သည်။..
“တနှစ်တွင် တကြိမ်သာပွင့်သော ပိတောက်ပန်းများကဲ့သို့”.“သူမ၏ ဆံကေသာတွင်
ပန်းပန်ခြင်း”မှာလည်း (၁)နှစ်တွင် တစ်ကြိမ်သာ မြင်တွေ့နိုင်ခြင်းပင်ဖြစ်သည်။

ကံကြမ္မာဆိုတာ ကြိုပြီးသိမြင်နိုင်ခွင့်ရှိရင် ဘယ်လောက်ကောင်းလိုက်မလည်းနော်....
ဧပြီလရဲ့ ပထမဦးဆုံးနေ့လေး မှာပေါ့... သူငယ်ချင်းတစ်ယောက်ရဲ့ပြောပြချက်အရ..
“သူနက်ရောင် ကို သပြေညိုနဲ့ ဆေးခန်းတခုမှာတွေ့လိုက်တယ်”..တဲ့.....
ပိတောက်ဖူး ပြုံးလိုက်သည်...
“အဲဒီလို မစပါနဲ့သူငယ်ချင်းရယ်...ငါ မှတ်မိပါတယ်..ဒီနေ့ ဧပြီလ (၁)ရက်နေ့လေ...”
“ငါမစဘူး..ပိတောက်...နင့်အကောင် ရဲ့လက်ကို သပြေညိုက တွဲထားတာ..နင်မယုံလည်းနေ”...
ဆိုပြီး သူငယ်ချင်းလှည့်ထွက်သွားတော့ ပိတောက်ဖူး ခန တွေဝေသွားသည်။

ပြီးနောက် ဧပြီလ (၁)ရက်နေ့ကို အခြေအမြစ်မရှိတဲ့ ဒီလို အကြောင်းအရာ တစ်ခုတည်းနဲ့ အကုန်ဆုံးမခံနိုင်ဟု တွေးပြီး တွေ့ရာ သူငယ်ချင်းများကို “စ”နောက်ရင်း April Fool နေ့ကို ကုန်ဆုံးစေခဲ့သည်။

သင်္ကြန်နေ့ရက်သို့ တစ်ဖြည်းဖြည်းချင်းနီးလာလေပြီ၊ ထုံးစံအတိုင်း လမ်းထဲမှ လူငယ်များ အကတိုက်ခြင်း၊ သီချင်းတိုက်ခြင်း တို့ဖြင့် အလုပ်ရှုပ်နေသော အချိန်တွင် ပိတောက်ဖူး၏ ဖခင်မှာ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည်၊ ပိတောက်ဖူးသည်လည်း ဖခင်၏ ဘေးတွင်သာ အချိန်ပြည့်နေပေးရင်း သူနက်ရောင်နှင့် ခနတာ ဝေးကွာခဲ့ရသည်။
သင်္ကြန်ရက်၏ အကြတ်ရက်တွင်တော့ ပိတောက်ဖူး၏ ဖခင်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့သည်၊
“အသုဘကို နှစ်သစ်မကူးရ” ဟူသည့် ရှေးအယူကြောင့် ဖခင်၏ ဇာပနကို နှစ်ဆန်း(၁)ရက်နေ့မတိုင်ခင်အပြီး
သဂြိုလ်ပြီး ရက်လည်ခဲ့ရသည်။

သင်္ကြန်ရက်များပြီးဆုံးသွားခဲ့သော်လည်း ပိတောက်ဖူး တစ်ယောက်မှာ ဖခင်ဆေးရုံပေါ်တွင်ရှိခဲ့စဉ်က စိုးရိမ်စိတ်များဖြင့် နေ့မအိပ်၊ ညမအိပ် ပြုစုပေးခဲ့သော ပင်ပမ်းမှုများကြောင့် အပြင်းဖျားသည်၊ ပိတောက်ဖူးအား လူမမာလာကြည့်ကြသော သူငယ်ချင်းများထံမှ သူနက်ရောင်နှင့် သပြေညိုတို့၏ သင်္ကြန်တွင် ဖြစ်ပျက်ခဲ့သော သတင်းများကို ကြားသိရသည်။
အိပ်ယာထဲလဲနေစဉ် သူငယ်ချင်းများ၏ ကူညီမှုဖြင့် စာအပေးအယူလုပ်ခဲ့သည်၊သူနက်ရောင်မှ ထွက်ပေါ်နေသော သတင်းများကို ဖြေရှင်းသည်။ သူမဟုတ်ကြောင်းငြင်းသည်။

ပိတောက်ဖူး နေကောင်းစပြုချိန်တွင် သူနက်ရောင်နှင့်တွေ့ရန်ကြိုးစားခဲ့သော်လည်း ခရီးသွားသည်ဟု အကြောင်းပြကာ ကိုယ်ရောင်ဖျောက်နေခဲ့သည်။
တစ်နေ့ ပိတောက်ဖူးတစ်ယောက် မြို့ထဲသို့ ကိစ္စတစ်ခုနှင့်အသွား ၊ သူနက်ရောင် နှင့် သပြေညို တို့နှစ်ယောက်ကို ယှဉ်တွဲလျှက် တွေ့လိုက်ရသည်။
ဒီတခါတော့ အမြင်မှားစရာ မဟုတ်၊ ပိတောက်ဖူး၏ မျက်စိနှင့် တွေ့မြင်ခြင်းဖြစ်သည်၊ မြိုသိပ်မထားနိုင်တော့သည့် ပိတောက်ဖူးတယောက်.. သူတို့နှစ်ဦးရှေ့သို့ ပိတ်ဆို့ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်၊။
“ကိုသူ...နင်ပြန်ရောက်တာ ငါတောင်မသိလိုက်ဖူး..”..
နှစ်ယောက်လုံးအံ့သြသွားသည့် မျက်နှာဖြင့် ပိတောက်ဖူးအား ကြည့်ရင်း...
“ပိတောက်...ငါ..ငါ...မနက်က ပြန်ရောက်တာ...”..
“ဟုတ်တယ်..ပိတောက် ..ညိုတို့ မင်္ဂလာဦးဆွမ်းကျွေးမလို့ ပစ္စည်းတွေ သွားဝယ်တာ”...
သပြေညို ၏ အဖြေကြောင့် ပိတောက်ဖူး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လေဟာနယ်ထဲသို့လွင့် စင်ထွက်သွားသလိုခံစားရင်း သူနက်ရောင်ကို လှမ်းကြည့်လိုက်တော့ ခေါင်းငုံးထားသည်။
ပိတောက်ဖူး၏ မျက်ဝန်းအိမ်မှမျက်ရည်များ လိမ့်ဆင်းမကျလာခင် သူတို့နှစ်ဦး၏ ရှေ့မှ အမြန်လှည့်ထွက်ခဲ့သည်။

ပြီးသွားပြီ....
“ပိတောက်ဖူး”ဆိုတဲ့ ကျမနဲ့ “သူနက်ရောင်” ဆိုတဲ့ ငယ်ငယ်ကတည်းက ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရတော့မှာလား...

ဒါဆိုရင် ကျမဖေဖေ ရဲ့နာရေးကိစ္စနဲ့ သင်္ကြန်ရာသီတွင်းမှာ အလုပ်ရှုပ်နေခဲ့တုန်းက “မြူမှောင်ဝေကင်း” သီချင်းကို သူနက်ရောင်က ဆိုပြီး သပြေညိုက က တယ်” ဆိုတဲ့သတင်း..။

“သူနက်ရောင်ရဲ့ လက်ထဲက ပိတောက်ပန်းကို သပြေညိုက ဖျက်ဆီးပြစ်လိုက်တယ်” ဆိုတဲ့သတင်း..။

“သင်္ကြန်မဏ္ဍပ်ထဲမှာ သူနက်ရောင် အရက်မူးလွန်သွားတယ်၊ သပြေညိုက ပြုစုတယ်၊ ”ဆိုတဲ့သတင်း။

သင်္ကြန်နောက်ဆုံးနေ့မှာ သူနက်ရောင်နဲ့ သပြေညိုတို့ ပျောက်ဆုံးသွားကြတယ်ဆိုတဲ့သတင်း”... တွေဟာ အမှန်တွေပဲပေါ့.... အင်းလေ.. အခုတော့ ငါယုံလိုက်ပါပြီ...

ဒါဟာ ငါတို့နောက်ပြောင် ဆော့ကစားနေကျဖြစ်တဲ့ “ဧပရယ်ဖူး” နေ့မှမဟုတ်တာပဲ..။

နင် သိပ်ရက်စက်တယ်..“ကိုသူ”.၊ နင်ပြောခဲ့ဘူးတဲ့စကားတစ်ခွန်း ငါအခုထိမှတ်မိနေသေးတယ်...

“ပိတောက်လေး... သင်္ကြန်မှာ ပိတောက်မရှိရင် မဖြစ်သလို.. ငါ့ဘဝမှာ နင်မရှိလို့မဖြစ်ဘူး”တဲ့လား..
“ပန်းတွေကို ချစ်ပေမယ့် ဘယ်ပန်းကိုမှ နင့်ရဲ့ဆံကေသာပေါ်မှာ မတင်ခဲ့ပေမယ့် ငါပေးတဲ့ ပိတောက်ပန်းလေးကိုတော့ နင် အမြတ်တနိုးပန်ပေးပါ”...တဲ့လား...။

“ဧပြီလမှာမွေးခဲ့တဲ့ နင့်ကို ဧပြီလ(၁)ရက်နေ့မှာ ချစ်ရေးဆိုခဲ့သလို.... ငါတို့လက်ထပ်ရင်လည်း ဧပြီလမှာ လက်ထပ်ကြမယ်နော်”...တဲ့လား...။

နင်ပြောခဲ့သမျှ စကားတွေကို ခပ်အအ “ငါ” က အမြဲနားထောင် ခေါင်းညှိတ်ခဲ့ရသူပါ...
အခုလည်း နင် ဆက်ပြောမယ့် မုသားအပြည့်နဲ့ စကားတွေကို ငါ နားထောင်နေဆဲပါပဲ....
ငါ့အနားမှာ နင်မရှိတော့ပေမယ့် ငါ့အတွေးထဲမှာ နင်ရှိနေမယ်...
ငါ့ဘေးမှာ နင်မရှိတော့ပေမယ့် ငါ့နှလုံးသားထဲမှာ နင်ရှိနေတယ် ....
သင်္ကြန်ရောက်တိုင်း ပိတောက်ပန်းတွေ ငါ့ခေါင်းပေါ်မှာရှိနေမယ်...
“မြူမှောင်ဝေကင်း” သီချင်းလေးကို နင်မဆိုတော့ပေမယ့်လည်း ငါကြားနေရတယ်...
ဒါပေမယ့် ငါ မ“က”တော့ဘူး... ကိုသူရေ...
နင့်ဘေးမှာ “က”ရမယ့်သူက ငါမှမဟုတ်တော့တာပဲ.....
ဧပြီလ(၁)ရက်နေ့ မှာ ငါ မပျော်တော့ဘူး...
သူများတွေကိုလည်း မ“စ”တော့ဘူး... ငါဝဋ်လည်တာဖြစ်မယ်နော်...

သင်္ကြန်မှာဝေနေတဲ့ အဝါရောင်ပိတောက်ပန်းတွေကို ငါမကြည့်ပဲ မြင်နေရတယ်...
သင်္ကြန်သီချင်းတွေကို နားမထောင်ပဲ ငါ ကြားနေရတယ်...
သင်္ကြန်အကြောင်းစပ်ဆိုထားကြတဲ့ ကဗျာတွေ ငါ့ရှေ့ကို ရောက်လာတတ်ကြတယ်...
သင်္ကြန်မှာ ပျော်ရွှင်ကြသူတွေ... သင်္ကြန်မှာ ဝမ်းနည်းကြေကွဲကြသူတွေ....
သင်္ကြန်မှာ မွေးဖွားလာကြသူတွေ.... သင်္ကြန်မှာ သေဆုံးသွားကြသူတွေကြားမှာ...
ငါလည်းပဲ တစ်ယောက်အပါအဝင်ပဲပေါ့..။

နင်နဲ့ဝေးရာကို ငါထွက်သွားခဲ့တာ အခုဆိုရင် (၁၀)နှစ်ကျော်တောင်ကြာခဲ့ပြီပဲ..။
“သင်္ကြန်”ဆိုတဲ့ အိပ်မက်ဆိုးကြီးနဲ့လည်းဝေးခဲ့ရပြီ၊ သင်္ကြန်ကာလမှာ နင်နဲ့အတူစားခဲ့ဖူးတဲ့ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းနဲ့ သင်္ကြန်ထမင်းတွေအစား ပေါင်မုန့်ထောပတ်သုပ်၊ ခေါက်ဆွဲပြုတ်နဲ့ ဟမ်ဘာကာတွေကို ငါစားတတ်နေပြီ..။
ဒါပေမဲ့ ငါသိပ်မြတ်နိုးတဲ့ မြန်မာဝတ်စုံကိုတော့ငါ့ရဲ့အလုပ်ထဲမှာ အခုထိတိုင်စွဲမြဲစွာ ဝတ်ဆင်နေတုန်းပါပဲ..။

လွန်ခဲ့တဲ့ (၃)နှစ်က သင်္ကြန်မှာ နင် ကားမှောက်ပြီးဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းကို ငါကြားပြီးကတည်းက မြန်မာပြည်က ယူလာခဲ့တဲ့ ပိတောက်ပန်းအတုလေးကို သင်္ကြန်ရောက်တိုင်း ငါ့ရဲ့ဆံနွယ်ပေါ်မှာ အမြဲပန်ခဲ့တဲ့ အစဉ်အလာကို ငါဖျက်လိုက်ပြီ..။

မကြာခင်မှာ သင်္ကြန်ကျတော့မယ်..ကိုသူ ရေ...။
“မြူမှောင်ဝေကင်း” ဆိုတဲ့ သီချင်းလေးကို တမလွန်ဘဝကနေ နင်သီဆိုနေအုံးမှာလား..။
နင်မဆိုပါနဲ့တော့...ငါလည်း သင်္ကြန်သီချင်းတွေနဲ့ “က”မှာ မဟုတ်တော့လို သင်္ကြန်ဆိုတာ “ပိတောက်ဖူး” နဲ့ “သူနက်ရောင်” တို့အတွက်မှ မဟုတ်တော့တာပဲ..။

ငါအခုရောက်ရှိနေတဲ့ နိုင်ငံကပန်းဆိုင်တွေမှာ မရမက လိုက်ရှာဝယ်ပြီး စိုက်ပျိုးထားတဲ့ စံပ္ပါယ်ပင်တွေက စံပ္ပါယ်ပန်းတွေတောင် ပွင့်နေပြန်ပြီ..။

ငါ့ဘေးနားက နင်ထွက်ခွာသွားခဲ့ပေမယ့် စံပ္ပါယ်ပန်းလေးတွေကတော့ ငါ့ရဲ့ဘေးမှာ အခုထိ ရှိနေတုန်းပါပဲ..။
သူတို့လေးတွေကလည်း နင့်ကိုသတိတရရှိနေကြမှာပါ..။
ဖွေးဖွေးဖြူနေတဲ့ စံပ္ပါယ်ပန်းလေးတွေကို ငါ ငုံ့နမ်းလိုက်တယ်....
စံပ္ပါယ်ပန်းနံ့သင်းသင်းလေးအစား ပိတောက်ပန်းနံ့တွေ ငါ့နှာခေါင်းထဲကိုပြေးဝင် လာကြတယ်..။
အခုလောက်ဆိုရင် မြန်မာပြည်မှာ ပိတောက်ပန်းတွေပွင့်ဖို့ မိုးတွေရွာပေးနေရောပေါ့...
ငါ့ရင်ထဲမှာလည်း မျက်ရည်မိုးတွေရွာနေတယ်...


ကျမရဲ့အတွေး အာရုံထဲကို ရုတ်ချည်း ရောက်ရှိလာတဲ့...သင်္ကြန်
ကျမ ပြန်ပြီး မတမ်းတချင်တော့တဲ့...သင်္ကြန်
ကျမ ပြန်ပြီး မလွမ်းချင်တော့တဲ့....သင်္ကြန်
ကျမ ပြန်ပြီး သတိမရချင်တော့တဲ့...သင်္ကြန်

“သင်္ကြန်” ...တဲ့လား....
“ဧပရယ်”...တဲ့လား...
“ပိတောက်”...တဲ့လား...
မပြောပါနဲ့....မပြောပါနဲ့တော့....
ကျမရှေ့မှာ သင်္ကြန်အကြောင်း မပြောကြပါနဲ့တော့.......

ဧပြီလမှာ မွေးခဲ့တဲ့ “ပိတောက်ဖူး”ဆိုတဲ့ ကျမရယ်...
သင်္ကြန်မှာ ခွဲခွာခဲ့ရတဲ့ “သူနက်ရောင်”ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ဒဏ္ဍာရီမဟုတ်ခဲ့တဲ့ ဒဏ္ဍာရီလေးတပုဒ်... ရှိခဲ့တယ်ဆိုတာ ...“သင်္ကြန်”ကိုစောင့်ကြပ်တဲ့ သင်္ကြန်ဝိဥာဉ်တွေကလွဲလို့ ဘယ်သူတွေက ပိုသိနိုင်အုံးမှာလဲ...။

“သင်္ကြန်”... ဆိုတာ...
ကျမအတွက်တော့ ကြေကွဲခြင်းတွေစုပုံထားတဲ့ မျက်ရည်သင်္ချိုင်းတစ်ခုပါပဲ....





http://angletest11.blogspot.com/



No comments:

Post a Comment