“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, August 29, 2013

တစ်ခါတုန်းက အဖိုးအို

Photo: တစ်ခါတုန်းက အဖိုးအို

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။

===================================

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”

( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"

No comments:

Post a Comment