ဆွံ့အနားမကြား ဖြစ်နေသည့် အပြင် အကြောများ သေ၍ အိပ်ရာပေါ်တွင်
ခြောက်နှစ်ကြာ လဲလျောင်း နေခဲ့ရပြီး စက်ပစ္စည်း၏ အကူအညီ ဖြင့်သာ အသက်
ဆက်ခဲ့ရသည့် တရုတ်အမျိုးသား ဝမ်ကျန်ဟွာသည်
၎င်း၏ လှုပ်ရှားနိုင်သော မျက်လုံးတစ်စုံဖြင့် စာလုံးပေါင်း ၄ဝဝဝဝ ပါဝင်သော
စာအုပ် တစ်အုပ်ကို ရေးသား နိုင်ခဲ့သည်ဟု သိရသည်။
ဝမ်ကျန်ဟွာ၏ စာအုပ်တွင် ၎င်း၏ ဘဝအကြောင်း တစ်ဝက်နှင့် ကဗျာတစ်ဝက် ပါရှိသည်။ ဝမ်ကျန်ဟွာသည် အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပြီး ၎င်းသည် Amyotrophic Lateral Sclerosis ဟုခေါ်သည့် ကုသ၍ မရသော Motor Disease ရောဂါကို ခံစားနေရသူ ဖြစ်သည်။
Motor disease ရောဂါသည် ကြွက်သား လှုပ်ရှားမှုကို ထိန်းချုပ် ပေးနေသည့် ဦးနှောက်ကြောမကြီးနှင့် ဦးနှောက်တွင်းရှိ နာ့ဗ်ဆဲလ်များ၏ ရောဂါ တစ်မျိုးဖြစ်သည်။ ဝမ်ကျန်ဟွာ ၏ လုပ်ဆောင်မှုသည် ၎င်း၏ ကြုံတွေ့ ရင်ဆိုင်နေရသော ဘဝအကြောင်းနှင့် ဘဝကို အရှုံးမပေးသည့် ၎င်း၏ စိတ်ဓာတ်ကို တရုတ်နိုင်ငံ တစ်ဝန်း သိရှိ စေခဲ့သည်။
ဝမ်ကျန်ဟွာသည် ကိုယ်လက်လှုပ်ရှား၍ မရသည့်အပြင် အသက်ရှူနိုင်ရန် အတွက်လည်း စက်ပစ္စည်း၏ အကူအညီဖြင့် အသက် ဆက်ခဲ့ရသူ ဖြစ်သည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင် လှုပ်ရှား၍ရသည့် အရာမှာ ၎င်း၏ မျက်လုံး တစ်စုံသာ ဖြစ်သည်။ စာအုပ်ကို ရေးသားခဲ့ရာတွင် ဝမ်ကျန်ဟွာသည် စာလုံးကို မျက်လုံးဖြင့် ညွှန်ပြခဲ့ပြီး ဇနီးသည်ဖြစ်သူ ဝူမိုင်လီ၏ အကူအညီဖြင့် ရေးသားခဲ့သည်။
ခြောက်နှစ်တာ ကာလအတွင်း ဝူမိုင်လီသည် ခင်ပွန်းသည် ရှေ့တွင် စာလုံးများ၊ အသံထွက်များ ရေးသား ထားသည့် ဘုတ်တစ်ခုကို ကိုင်ဆောင် ထားခဲ့ရပြီး ခင်ပွန်းသည် မျက်လုံးဖြင့် ညွှန်ပြသည့် စကားလုံး များကို ထောက်ပြ ဖတ်ပြပြီး ရေးသားခဲ့ကြောင်း သိရသည်။

http://www.facebook.com/MyawadyNews
No comments:
Post a Comment