“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, March 28, 2013

အမေ့ရဲ့ မျက်လုံးတစ်ဖက်


ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိ ကအောက် ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ် … အမေဟာ အိမ်ရဲ့ ၀င်ငွေ အတွက် ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်းရုံမက သူများ အိမ်တွေမှာပါ လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက် လုပ်တယ် …

မှတ်မိပါသေးတယ် … ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ … ကျောင်းစုံညီပွဲနေ့မှာ အမေကျောင်းကို ရောက်လာခဲ့တယ် … အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက “
မင်းအမေက မျက်လုံးတစ်ဖက်ပဲ ရှိတာလား?? ” လို့ မေးပြီး လှောင်ပြောင် ကြတယ် … ကျွန်တော် အမေ့ကို ဒီကမ္ဘာပေါ်ကတောင် ပျောက်သွားစေချင်တဲ့ စိတ်တွေဖြစ်ခဲ့တယ် …

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်အမေ့ကို မေးခဲ့တယ် … “ အမေ့မှာ ဘာလို့ မျက်လုံး တစ်ဖက် မရှိရတာလဲ?? ကျွန်တော့်ကို တမင် အဟားခံရအောင် လုပ်နေသလိုပဲဗျာ …” အမေက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့တယ် … ကျွန်တော် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရ သလိုပဲ … ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အမြဲပြောချင် နေတဲ့ စကားကို ပြောလိုက်ရတဲ့ အတွက် စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် … ဒါဟာ ဒီလိုပြောလိုက်တဲ့ အတွက် အမေ ကျွန်တော့်ကို ဘာမှ အပြစ်မပေးလို့ ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် အမေ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားလိုက်ရမယ် ဆိုတာကိုတော့ ကျွန်တော် မတွေး မိခဲ့ဘူး …

အဲ့ဒီညမှာပဲ ကျွန်တော် ညတစ်ရေးနိုး ရေသောက်ဖို့ မီးဖိုချောင်ဘက် သွားတော့ ကျွန်တော်နိုးမှာစိုးလို့ အသံမထွက်ဘဲ တစ်ယောက်တည်း ကြိတ်ငို နေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … ကျွန်တော် ညနေက ပြောခဲ့မိတဲ့ စကားအတွက် ရင်ထဲမှာ ဆစ်ခနဲ ခံစားလိုက်ရလို့ သူမကို တစ်ချက်ကြည့်ပြီး ပြန်လှည့် ပြေးလာခဲ့မိတယ် … ဒါတောင်မှ မျက်လုံး တစ်ဖက်တည်းကပဲ မျက်ရည် ကျနေတဲ့ အမေ့ကို ကျွန်တော် မုန်းနေတုန်းပဲ … ဒါကြောင့် ကျွန်တော် ကြီးလာတဲ့အခါ ကြီးပွား ချမ်းသာစေရမယ်လို့ ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့တယ် … ဘာလို့လဲဆိုတော့ မျက်စိ တစ်ဖက်လပ်နေတဲ့ ကျွန်တော့် အမေနဲ့ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ဆင်းရဲနေတဲ့ အမေ့ရဲ့ အခြေအနေကို ကျွန်တော် မုန်းလို့ပဲ …

အဲ့ဒီနောက်မှာ ကျွန်တော်ဟာ စာကို အပြင်းအထန် ကြိုးစားခဲ့တယ် … ဒီလိုနဲ့ ကျွန်တော် ဘွဲ့ရပြီး ၀င်ငွေကောင်းတဲ့ အလုပ်တစ်ခုပါ ရခဲ့တယ် … မရှေး မနှောင်းမှာပဲ ကျွန်တော့် အကြောင်းမသိတဲ့ တစ်ခြားမြို့က ကျွန်တော့် ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သူတို့မြို့မှာပဲ အိမ်တစ်လုံးဝယ်ပြီး အခြေချခဲ့တယ် … အခု ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ရှိတဲ့အပြင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ ပျော်ရွှင်စွာ နေထိုင်နေနိုင်ပြီ ဖြစ်ပါတယ် … ဒီဘ၀မှာနေရတာ ကျွန်တော် အရမ်းပျော်ပါတယ် … ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အမေကို ကျွန်တော် မေ့ထားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေလို့ပါ …

တစ်နေ့မှာ ကျွန်တော့် သမီးငယ်လေးဟာ ကြောက်လန့်စွာ အော်ဟစ်ပြီး အိမ်ထဲ ပြေးဝင်လာပါတယ် … ကျွန်တော် အိမ်ရှေ့ ထွက်ကြည့်တော့ မမျှော်လင့် ထားတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ် … အဲ့ဒါ ကျွန်တော့် အမေပါ … အမေဟာ အရင်လို မျက်လုံး တစ်ဖက်လပ်နဲ့ ဖြစ်နေဆဲပါပဲ … “ ခင်ဗျား ဘယ်သူလဲ?? ကျွန်တော် ခင်ဗျားကိုမသိဘူး ” လို့ ကျွန်တော် မသိသလိုနဲ့ ပြောလိုက်ပါတယ် … အကြောင်းက ကျွန်တော့် မိန်းမနဲ့ ကလေးက ကျွန်တော့်နောက်မှာ ရှိနေလို့ပါပဲ … အမေဟာ တဒင်္ဂလောက် မှင်သက်သွားပြီးတဲ့နောက် “တောင်းပန်ပါ တယ်ကွယ် … အဒေါ် လိပ်စာ မှားသွားလို့ပါ” လို့ အလျင်အမြန် ပြန်ဖြေပြိး လှည့်ထွက် သွားခဲ့တယ် … အဲ့ဒီတော့မှ ကျွန်တော် စိတ်သက်သာရာ ရသွားတော့တယ် … အမေကျွန်တော့်ကို မသိသလို နေပေးသွားတော့ နောက်ဆိုရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တွေးပူနေစရာ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ …

တစ်နေ့ ကျွန်တော့်ဆီ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအတွက် ဖိတ်စာ တစ်စောင် ရောက်လာခဲ့တယ် … ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်လို့ မိန်းမကို ညာပြီး ဇာတိမြို့လေးကို ထွက်လာခဲ့တယ် … ပွဲလည်း ပြီးရော ကျွန်တော်ငယ်ငယ်က ကစားနေကျ ကောက်ရိုးခင်းနားကို လျှောက်လာ ခဲ့တယ် … ကျွန်တော် လမ်းလျှောက် လာရင်းနဲ့ အေးစက်နေတဲ့ မြေပြင်မှာ လဲနေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … အမေ့လက်ထဲမှာ စာတစ်စောင် ဆုပ်ကိုင်ထားတာကိုတွေ့လိုက်ရတယ် … စာကို ဖောက်ဖတ် ကြည့်လိုက်တော့ …

"သားရေ …

အမေ့အသက်အရွယ်နဲ့ဆို ဒီဘ၀အတွက် နေရတဲ့အချိန်က လုံလောက် နေပါပြိ … ရှေ့ဆက်လည်း သိပ်နေရတော့မယ် မထင်ပါဘူး … သားရှိတဲ့ မြို့ကို အမေနောက်ထပ် မလာတော့ပါဘူး … ဒါပေမယ့် သားရယ် အမေ့ဆီ ကိုတော့ ခဏလောက် ဖြစ်ဖြစ် လာတွေ့ပါလား … အမေ သားကိုအရမ်းလွမ်း လို့ပါ … ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သားလာမယ်ဆိုတာ ကြားရ တော့ အမေအရမ်း ၀မ်းသာတာပဲ … ဒါပေမယ့် သားတို့ကျောင်းကို နောက် တစ်ခါ မသွားဖို့ အမေဆုံးဖြတ် ထားပါတယ် … အမေ့မှာ မျက်လုံး တစ်ဖက်ပဲ ရှိတာ သားကို အရှက်ရစေတဲ့ အတွက် အမေ စိတ်မကောင်းပါ ဘူးကွယ် …

သားသိရဲ့လား?? သားငယ်ငယ်တုန်းက မျက်လုံးကို မတော်တဆ ထိခိုက် မိပြီး သားမျက်လုံး တစ်ဖက် ပျက်စီးသွားတာလေ … အမေတစ်ယောက် အနေနဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ကြီးပြင်းလာရမယ့် သားရဲ့အဖြစ်ကို ဘယ်လို လက်ပိုက်ကြည့် နေနိုင်မှာတဲ့လဲ … အဲ့ဒါကြောင့် အမေ့မျက်လုံး တစ်ဖက် သားကိုပေးခဲ့တာပါ … သားလုပ်ခဲ့သမျှ ပြောခဲ့သမျှတွေအတွက် အမေ ဘယ်တော့မှ အပြစ်မယူခဲ့ပါဘူး … သားအမေ့ကို စိတ်ဆိုးတိုင်း အမေ့ကို ချစ်လို့ ပြောတယ်လို့ပဲ အမေတွေးခဲ့ပါတယ် … သားအမေ့ဘေးမှာ ရှိခဲ့တဲ့ အချိန်တွေကို အမေအရမ်း သတိရတာပဲ … သားကိုလည်း အရမ်းလွမ်း တယ် … အမေသားကိုချစ်တယ် … သားဟာ အမေ့ရဲ့ ကမ္ဘာပါ ... အခုတော့ လည်း အမေ့ ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါပြီကွယ် …

သားရဲ့ အမေ"

စာကိုဖတ်ပြီး ချိန်မှာတော့ ကျွန်တော့်အတွက် အသက်ရှင်နေတဲ့ အမေ့ အတွက် ကျွန်တော် ပထမဆုံးအကြိမ် ငိုကြွေးမိခဲ့ ပါတော့တယ် …


☂Thu Thu Lay☂
                                                                                            လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment