ဒီလို Learning Organization တွေထဲမှာ ကျောင်းသင်ပညာရေးတွေကိုသာမက Informal Education ဖြစ်တဲ့ ကိုယ်တိုင်လေ့လာသင်ယူမှု (Self learning) ကိုလည်း မပြတ်ပြုလုပ်နေကြရမှာပါ။ တစ်ဖက်မှာလည်း Formal Education လမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း၊ ပထမဘွဲ့ (First Degree) တွေကို သာမက ဒုတိယဘွဲ့ (Second Degree)တွေ၊ မာစတာဘွဲ့ (Master Degree)တွေ၊ ဒေါက်တာဘွဲ့တွေ၊ ဒီပလိုမာတွေ များစွာသင်ယူကြရဦးမှာ ဖူးငုံတို့ရဲ့ သင်ယူလေ့လာမှု Learning Process မှာ အထောက်အကူပြုစေဖို့ အချက်အလက်ကလေးများကို တင်ပြပေးလိုက်ပါတယ်။
အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း အရာရာတိုင်းမှာ အစပြုမှုဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးတွေ တော်တော်များများဟာ Planning ရေးဆွဲတဲ့နေရာမှာ အားနည်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာ Planning နဲ့ ပတ်သက်လို့ အမြဲတမ်းပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “ Fail for plan is plan for fail” “ စီမံကိန်းဆွဲဖို့ ပျက်ကွက်ခြင်းဟာ ကျဆုံးဖို့အတွက် စီမံကိန်းဆွဲနေခြင်းပဲ ” တဲ့။ ဒါကြောင့်မို့ ဖူးငုံတို့အနေနဲ့လည်း မိမိတို့ရဲ့ စာသင်နှစ်တွေ စစချင်းကတည်းက ဘယ်ရက် ဘယ်ရက်တွေမှာ ဘယ်ဘာသာတွေကို အပြီးကျက်မယ်၊ ဘယ်လတွေမှာ ဘယ်ဘာသာတွေကို သင်ရိုးကုန်လေ့လာပြီးလို့ ပြန်လည်လေ့ကျင့်ခန်းလုပ်မယ် စတဲ့ ကိုယ့်ရဲ့ Studying Process နဲ့ ဆက်စပ်ပတ်သက်တဲ့ Mile stones, Time-scale တွေကို အသေးစိတ် ရေးဆွဲ ပြင်ဆင်ထားသင့်ကြပါတယ်။ ပြီးသွားရင်လည်း Plan က Plan အတိုင်းပဲ ရှိနေလို့ မရပါဘူး။ ကိုယ်ရေးဆွဲထားတဲ့ စီမံကိန်း Plan နဲ့ အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲသည်လို လုပ်နေစဉ်အခါမှာလည်း ကိုယ့်ရဲ့ Plan ဟ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီ မကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျှော့လုပ်ပြီး Planကို အမြဲတမ်း Update လုပ်နေသင့်ပါတယ်။
၂။ စာကျက်သည့်နေရာ (Studying Location)
စာကျက်တဲ့နေရာကလည်း ဖူးငုံတို့ Learning Process မှာ များစွာ အရေးပါပါတယ်။ ခိုင်မာတဲ့ သုတေသနစစ်တမ်းတွေအရ နေရာတစ်နေရာတည်းမှာပဲ အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့ သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာမှတ်မိတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာ ဖြစ်သင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကား (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာကျက်နေရင်း ထရှာစရာမလိုအောင် အရန်သင့် ထားရှိသင့်ပါတယ်။ ပြီးတော့ အထူးသဖြင့် လက်ကိုင်ဖုန်းရှိတဲ့ ဖူးငုံတို့ကလည်း တတ်နိုင်ရင် စာကျက်နေတဲ့အချိန်မှာ လက်ကိုင်ဖုန်းကို ပိတ်ထားဖို့ ကြိုးစားသင့်ပါတယ်။ စာကျက်တဲ့နေရာဟာ တိတ်ဆိတ်ငြိမ်သက်၊ အနှောင့်အယှက်တွေ ကင်းဖို့ လိုအပ်သလို၊ အပူအအေးမျှတပြီး လုံလောက်တဲ့ အလင်းရောင်ရရှိဖို့လည်း လိုအပ်ပါတယ်။
၃။ အမျိုးမျိုးသော စာဖတ်နည်းများ (Various Reading Style)
ကျနော်တို့ မြန်မာကျောင်းသားတွေ တော်တော်များများဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ တကယ်တော့ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ စတဲ့ အဆင့်ဆင့်တက်လှမ်း မြင့်မားလာလို့ ဖတ်ရတဲ့၊ လေ့လာရတဲ့ သင်ရိုးတွေ၊ ရည်ညွှန်းစာအုပ် ( Reference Books) တွေ များပြားလာတဲ့အခါ ဘယ်သူမှ အလွတ်မကျက်နိုင်တော့ပါဘူး။ ဒါကြောင့် စာအုပ်တွေ၊ သင်ရိုးတွေကို ဖတ်ရှုလေ့လာကြတဲ့နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ Reading Style လေးတွေနဲ့ ချိန်ထိုးသုံးသပ် ဖတ်ရှုကြမယ်ဆိုရင် ပိုပြီးထိရောက် အောင်မြင်ပါလိမ့်မယ်။
(က) အပေါ်ယံရှပ်ဖတ်ခြင်း ( Skimming)
သင်ရိုးတစ်ခုလုံး၊ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ် မဖတ်ရှုမီ စာအုပ်ရဲ့ဆိုလိုရင်း၊ အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံ ဖတ်ရှုသင့်ပါတယ်။ ပြီးတော့ တချို့ Reference Books တွေကို ဖတ်ရှုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ သင်ရိုး(Course) နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပိုင်းတွေကို Skimming Reading Style နဲ့ ဖတ်ရှုသင့်ပါတယ်။
(ခ) မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်း (Memorizing)
စာမေးပွဲမှာ မေးလေ့မေးထရှိတဲ့ အကြောင်းအရာတွေ၊ စာမေးပွဲအတွက် မသိမဖြစ်သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် Memorizing Reading Style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါမယ်။
(ဂ) သိမြင်နားလည်အောင် ဖတ်ရှုခြင်း ( Realizing)
တချို့အကြောင်းအရာတွေဟာ အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ဘဲ သေသေချာချာ သဘောပေါက် သိမြင်နားလည် (realize) ဖြစ်အောင် သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော် Equation တစ်ခုဖြစ်တဲ့ E=mc2 ဆိုတာကို အလွတ်ကျက်မှတ်ရင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ဒီ Equation ကို သေသေချာချာ သဘောပေါက် နားလည် အသုံးချနိုင်ဖို့ကတော့ မလွယ်ပါဘူး။
၎။ တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့်စာများကို အသံထွက်၍ ကျက်ပါ
စာကျက်မှတ်တဲ့အခါ တချို့ ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့် တချို့ကတော့ မျက်စိနဲ့ပဲဖတ်ပြီး အသံထွက်ကျက်လေ့မရှိပါဘူး။
လူရဲ့ ဦးနှောက်ဟာ အကြောင်းအရာတစ်ခုကို မှတ်သားတဲ့နေရာမှာ လူ့ခန္ဓာကိုယ်ရဲ့ ဒွါရပေါက် အာရုံခံအင်္ဂါ (Sense Organs) တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတာတွေကနေ Input Data အချက်အလက်တွေကို ရယူပါတယ်။ ဒါကြောင့်မို့ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့်အကြောင်းအရာကို မျက်စိနဲ့ပဲ Scan လုပ် မှတ်သားနိုင်ပြီး နားနဲ့အသံကို မကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိတဲ့ သူတွေရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သား (Voice Record) လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဥပမာ- စာမေးပွဲမှာ စာတွေဘာတွေ မေ့သွားခဲ့ရင်လည်း မျက်စိနဲ့ Scan လုပ်ထားတဲ့ ပုံရိပ်တွေကို ဦးနှောက်က ပြန်ခေါ်ယူနိုင်ရုံသာမက နားနဲ့ Record လုပ်ထားတဲ့ အသံ Voice တွေကိုပါ ပြန်လည် ကြားနိုင်တာမို့ မှတ်မိနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။
၅။ စိတ်ဖိစီးမှုများကို လျှော့ချပါ။ (Reduce Your Stress)
တတ်နိုင်သလောက် စာမကျက်မှတ်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုး (Meditation Exercise) ကို ၁၅မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ် စာမကျက်ခင် ကိုယ်အနှစ်သက်ဆုံးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်လောက် နားထောင်ပါ။ ကိုယ့်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း တောက်လျှောက် စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။ Studying Process ဆိုတာဟာ စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ Process ဖြစ်တာမို့ ဖူးငုံတို့ရဲ့စိတ်ဟာ Stress တွေ၊ Pressure တွေ ကင်းကင်းနဲ့ ကြည်လင်နေဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။
နောင်မှာလည်း အလျဉ်းသင့်ရင် Studying Skill Tips လေးတွေကို ဆက်လက်ဖော်ပြချင်ပါသေးတယ်။
(လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်)
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A491312&xgs=1&xg_source=msg_share_post
No comments:
Post a Comment