မက္ကဆီကိုနိုင်ငံရဲ့ ရှေးကျလှတဲ့ Xochimilco ခရိုင်မှာရှိတဲ့ labyrinthine တောင်ကြားဒေသတစ်ခုလုံးမှာ အထက်ကပုံလို ထူးဆန်းပြီး သဘာဝလွန်တဲ့ အရုပ်တွေနဲ့ ပြည့်လို့နေပါတယ်။ မြို့တော်ကနေ ၁၈မိုင်သာဝေးတဲ့ ဒီအေးချမ်းလှတဲ့ စိုစိုစွတ်စွတ် ကျွန်းတွေကြားမှာ တစ်ကျွန်းလုံး ထောင်ပေါင်းများစွာသော ထူးထူးဆန်းဆန်း အရုပ်တွေပြည့်နေတဲ့ Teshuilo Lake ကျွန်းရှိနေပါတယ်။ များပြားလှတဲ့ အရုပ်တွေဟာ သစ်ပင်တွေထက်မှာ တွဲလျားကျနေကျပြီး အမျိုးမျိုး၊ အဖုံဖုံပျက်စီးနေကြပါပြီ။
ဒီသက်မဲ့အရုပ်တွေရဲ့ ခြေတွေလက်တွေဟာ ညင်ညင်သာသာ တိုက်ခတ်နေတဲ့ လေညင်းနဲ့အတူ ညပိုင်းကို မရောက်မချင်း တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရမ်းနေကြလေ့ရှိပါတယ်။ ဒေသခံတွေရဲ့ အဆိုကတော့ ဒီအရုပ်တွေဟာ ညပိုင်းကိုရောက်တဲ့အခါ သေဆုံးသွားကြတဲ့ဝိညာဉ်တွေပူးကပ်ပြီး အနီးအနားကဖြတ်သန်းသွားကြတဲ့သူတွေကို ရေအောက်သင်္ချိုင်းဆီကို ဆွဲဆောင်ခေါ်ယူလေ့ရှိတယ်လို့ ဆိုကြပါတယ်။
၁၉၅၀နှောင်းပိုင်းကာလတွေမှာ Don Julian Santana Barrera ဟာTeshuilo ရေကန်ပေါ်က အမည်မရှိသေးတဲ့ ဒီကျွန်းမှာနေထိုင်ဖို့ လာရောက်ခဲ့ပါတယ်။ အထီးကျန်ဆန်လှတဲ့ ဒီကျွန်းဟာ အများနဲ့ဝေးရာမှာ အထီးကျန်ဆန်ဆန်နေချင်တဲ့ သူ့အတွက်တော့ အသင့်တော်ဆုံးနေရာလို ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် မသိခဲ့တာက ဒီကျွန်းမှာ ထိတ်လန့်စရာကောင်းလှတဲ့ နောက်ကြောင်းရာဇ၀င်တွေ ရှိခဲ့တယ်ဆိုတာကိုပါပဲ။ ၁၉၂၀လောက်က မိန်းကလေးသုံးယောက်ဟာ ကျွန်းပေါ်မှာ ကစားနေကြရင်း တစ်ယောက်ဟာ ကျွန်းပေါ်က ကမ်းပါးစောက်တွေနဲ့ ၀န်းရံနေပြီး ညစ်ပတ်လှတဲ့ ရေတွေပြည့်နေတဲ့ တူးမြောင်းထဲကို မတော်တဆချော်ကျပြီး သေဆုံးခဲ့ပါတယ်။ ဒီမိန်းကလေးရဲ့ ၀ိညာဉ်ဟာ အဝေးကို ထွက်မသွားဘဲ ကျွန်းပေါ်မှာပဲ လှည့်လည်သွားလာနေခဲ့ပါတယ်။ ဒီဒေသဟာ မကြာခင်မှာပဲ သတင်းဆိုးတွေနဲ့ ကျော်ကြားလာခဲ့ပြီး သရဲခြောက်တဲ့ ဒီကျွန်းပေါ်ကို ညဘက်မှာ သွားရဲတဲ့သူလည်း တော်တော်ရှားပါးလာပါတယ်။
Julian တစ်ယောက် ကျွန်းပေါ်ကို ရောက်လာတဲ့ နောက်မှာတော့ မိန်းကလေးရဲ့ဝိညာဉ်အတွက် စကားပြောဖော်တစ်ယောက်ရလာပါတော့တယ်။ သူမကJulian ကို သူမသေဆုံးခဲ့ရတဲ့အကြောင်းကို ပြောပြပြီး သူမကစားဖို့ အရုပ်တွေရှာပေးဖို့ ပူဆာပါတော့တယ်။ ဒါ့အပြင် သမိုင်းမတင်ခင်ကာလတွေတုန်းကတည်းက ဒီဒေသပတ်ဝန်းကျင်မှာ ရှိနေခဲ့ကြတဲ့ ၀ိညာဉ်တွေကို ဒီအရုပ်တွေက စောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့ပါတယ်။ Julian ကလည်း မိန်းကလေးရဲ့ သွေးဆောင်မှုကို အလွယ်တကူပဲ လက်ခံခဲ့ပြီး ကျွန်းတစ်လျှောက်လိုက်လံလို့ ညစ်ပတ်ပေရေနေတဲ့ ကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတစ်ဝိုက်က ရေစပ်စပ်မှာတွေ့ရှိရတဲ့ အရုပ်တွေကို လိုက်လံရှာဖွေပါတော့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အထိTeshuilo Lake ရေကန်ဟာ အမေ့ခံအဖြစ်ရှိနေခဲ့ပြီး Julian တစ်ယောက်လည်း နေသားထိုင်သားကျလာခဲ့ပြီး သူ့အိမ်သူ့ယာအဖြစ်သဘောထားလို့ ကျွန်းပေါ်က အရုပ်တွေကို လိုက်လံစုဆောင်းရင်း နေထိုင်ခဲ့ပါတယ်။ ၁၉၉၀ကို ရောက်တဲ့အခါမှာတော့ Xochimilco ဒေသကို အမျိုးသားအမွေအနှစ်အဖြစ် ကြေငြာခဲ့ပါတယ်။ ဒီတူးမြောင်းကို ရှင်းလင်းဖို့ ပေါင်သန်းပေါင်းများစွာကုန်ကျမယ့် စီမံကိန်းတစ်ခုရေးဆွဲပြီးတဲ့နောက်မှာတော့ ကျွန်းပေါ်ကို တူးမြောင်းရေတွေတစ်ခါပြန်ပြီး ဖြတ်သန်းစီးဆင်းလာနိုင်ခဲ့ပါတယ်။
ပထမတော့ လူတွေက Julian ကိုလူထူးဆန်း၊ အရှုပ်ထုပ်ကြီးလို့ သတ်မှတ်ခဲ့ကြပါပြီး အသက်ပြန်သွင်းလို့ရမယ်အထင်နဲ့ အရုပ်အပျက်အစီးတွေကို လိုက်ကောက်နေတဲ့ ခပ်ကြောင်ကြောင်လူကြီးလို့လည်း ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူဟာ အတွေးအခေါ်တွေ ခေတ်ဟောင်းမှာကျန်ခဲ့ပြီး အန္တရာယ်မပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်မှန်း အများက သိလာခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ Julian နေတဲ့ကျွန်းကလေးကို La Isla de las Muñecas လို့အများက ခေါ်ဝေါ်နေကြပါပြီ။ အဓိပ္ပာယ်ကတော့ အရုပ်ကျွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်မိတ်ဆွေတွေကတော့ ပလတ်စတစ်ရုပ်မိတ်ဆွေကို ကျေနပ်တင်းတိမ်ဟန်မရှိဘဲ ကျွန်းတစ်ခုလုံးမှာလည်း နေရာလပ်တောင် မကျန်တော့လောက်အောင် အရုပ်တွေပြည့်နှက်နေခဲ့ပါတော့တယ်။ Julian ဟာ မိန်းကလေးရဲ့ ၀ိညာဉ်အတွက် သူ့ရဲ့အကောင်းဆုံးလက်ဆောင် အရုပ်တွေကို ချိတ်ဆွဲပေးထားဖို့ တဲတစ်ခုတောင် ထိုးတားခဲ့ပါတယ်။
၂၀၀၁ခုနှစ်ရဲ့ ဧပြီလ ၂၁ရက်နေ့မှာတော့ Julian နဲ့ သူ့ရဲ့တူဖြစ်သူ Anastasio တို့ဟာ ငါးမျှားနေရင်းကနေ Julian ကတူဖြစ်သူကို တူးမြောင်းထဲက ရေထဲကနေ ထူးဆန်းတဲ့အသံတစ်ခုက သူ့ကိုသူတို့နဲ့ အတူလာနေဖို့ ခေါ်နေကြောင်း ပြောပြပါတော့တယ်။ ဒီအသံတွေကို သူမကြာခဏဆိုသလို ကြားနေရပြီး သူတို့ရဲ့ခေါ်သံတွေနောက်ကို မလိုက်မိဖို့ သူအမြဲခုခံနိုင်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ တူဝရီးနှစ်ယောက်သားဟာ ငါးဆက်မျှားနေခဲ့ကြပြီး Anastasio က လိုအပ်တဲ့ပစ္စည်းတွေယူဖို့ ထစ်ခြားနေရာကို ခဏထွက်သွားခဲ့ပါတယ်။ သူ့ဦးလေးငါးမျှားနေတဲ့ နေရာကို ပြန်လာတဲ့ အချိန်မှာတော့ ဦးလေးဖြစ်သူဟာ ၁၉၂၀က မိန်းကလေး အသက်ဆုံးခဲ့တဲ့ တူးမြောင်းထဲက အနီးမှာ မျက်နှာအပ်လို့ ရေထဲမှာပေါလောမြောနေတာကို တွေ့ခဲ့ရပါတော့တယ်။ အသက်၈၀အရွယ်ရောက်လာပြီဖြစ်တဲ့ အဖိုးအို ဟာ သူ့ကိုခေါ်တဲ့အသံတွေကို တွန်းလှန်နိုင်စွမ်းမရှိတော့တာကြောင့်ပဲလား ကိုယ်တိုင်ကပဲ သူ့မိတ်ဆွေမိန်းကလေးဆီကို အရောက်သွားချင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်တော့ပါ။
Julian သေဆုံးသွားခဲ့ပေမယ့် ကျွန်းပေါ်က အရုပ်တွေကတော့ လာလည်ကြတဲ့ ခရီးသည်တွေကို အသက်မဲ့တဲ့ မျက်ဝန်းတွေနဲ့ ငေးမောကြည့်နေကြဆဲပါ။ အရုပ်တွေမှာ မျက်စိတွေစုံစုံလင်လင် ပါခဲ့ရင်တောင်မှ ခြေလက်တွေကျိုးနေတာ ပတ်ဝန်းကျင် သဘာဝရာသီဥတုဒဏ်ချက်တွေကြောင့် အရောင်တွေလွင့်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီအရုပ်တွေကို မြင်ရတာနဲ့ သဘာဝမကျမှုကို ခံစားရနိုင်ပြီး သစ်ပင်သစ်ကိုင်းတွေကနေ အထီးကျန်ဆန်ဆန်နဲ့ ဥပေက္ခာပြုခံရတာတွေကို ကြေကွဲရင်း ငေးစိုက်ကြည့်နေသလို ခံစားရမှာမလွဲပါ။ ဘယ်နေရာကိုသွားသွား တစ်ယောက်ယောက်က ကိုယ့်နောက်ကျောကနေ စိုက်ကြည့်နေသလိုခံစားရပြီး နောက်ကျောလည်းလုံနိုင်မှာတော့ မဟုတ်ပါ။
တောရိုင်းသစ်ပင်တွေ နွယ်ပင်တွေကလည်း ပလတ်စတစ်ရုပ်တွေရှိနေတဲ့ နေရာတွေကို ရစ်ပတ်ဝိုင်းဖွဲ့ပေါက်ရောက်နေကြပြီး တောပင့်ကူတွေကလည်း ဟောက်ပက်ဖြစ်နေတဲ့ အရုပ်တွေရဲ့ မျက်လုံးအိမ်တွေ၊ ပါးစပ်တွေထဲမှာ အိမ်တွေဖွဲ့နေကြပါတယ်။
အရုပ်တွေအားလုံးဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကြပေမယ့် ညပိုင်းအချိန်တွေရောက်ရင် လှုပ်လှုပ်ရှားရှားရှိလာပြီး သူတို့ရဲ့စကားသံတွေဟာလည်း တိုက်ခတ်နေထဲလေညင်းနဲ့အတူပါလာတတ်တယ်လို့ ဆိုကြပါတယ်။ Anastasio ကတော့ အရုပ်တွေဟာ သူ့အလိုလို ခေါင်းတွေလည်၊ လက်တွေ ခြေထောက်တွေဟာလည်း သဘာဝမကျဘဲ ကွေးကောက်ပြီး လှုပ်ရှားနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီပုံပြင်ဇာတ်လမ်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီအရုပ်တွေရှိတဲ့ La Isla de las Muñecas ဒေသကတော့ ခရီးသည်တွေ၊ ရှုခင်းကောင်းမြတ်နိုးသူတွေရဲ့ လေးနာရီကြာလှည့်လည်ကြည့်ရှုနိုင်တဲ့ ခရီးစဉ်နေရာကောင်းတစ်ခုတော့ ဖြစ်ပါတယ်။ Julian သေဆုံးပြီးချိန်ကစလို့ ဒေသဟာ မက္ကဆီကိုနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အထူးဆန်းဆုံးနေရာတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်လို့နေပါတော့တယ်။
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1426826&xgs=1&xg_source=msg_share_post
No comments:
Post a Comment