“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 18, 2012

သီးစုံ ကြက်လီမွန် နဲ့ မာလာဟင်း



ဒီတစ်ပတ် ဟင်းချက်ကဏ္ဍအတွက် ဖော်ပြမဲ့ ဟင်းလျာက ကြက်သားနဲ့ အသီးစုံကို လီမွန်ဖျော်ရည်လေးနဲ့ ချက်တဲ့ သီးစုံကြက်လီမွန်ဟင်းဖြစ်ပါတယ်.. အနံ့လေးက လီမွန်နံ့လေး မွှေးသလို အရသာကလည်း ချဉ်ချိုချိုလေးမို့ တကယ်ကို ကောင်းပါတယ်။
သီးစုံကြက်လီမွန်
ပထမဦးစွာ ကြက်လီမွန်ဟင်းချက်ဖို့ ကြက်ကို အသားချည်း သပ်သပ် ဖယ်ထုတ်ပါတယ်..  
အဲဒီအသားတွေကို ဆား၊ အရက်အနည်းငယ်၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည်တို့နဲ့ နယ်ထားလိုက်ပါတယ်..
ဒါက ကြက်သားနဲ့ကြော်မဲ့ အသီးစုံကို အရောင်စုံအောင် ပြင်ဆင်ထားတာပါ။
ပန်းကန်ပြားကြီးထဲမှာ ဥနီ၊ ပြောင်းဖူး၊ ငရုပ်ပွစိမ်း၊ ခရမ်းချဉ်သီး၊ ပန်းကန်သေးမှာ ကြက်သွန်ဖြူ၊ချင်း၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို ပြင်ဆင်ထားပါတယ်..
ကြက်သွန်ဖြူ၊ ချင်း အရင်ထည့်ပြီး ကြက်သားကိုထည့်ကြော်ပါတယ်. ရေအနည်းငယ်ထည့်ပြီး ကြက်သားနူးအောင် ထားပါတယ်..
ရေခမ်းပြီး အသားကျက်ရင် ကြက်သွန်နီ၊ ငရုပ်သီးစိမ်းထည့်ကြော်ပါတယ်
အသီးရောင်စုံ ထည့်ပါတယ်.. ဆား ပဲငံပြည်ရည် ၊ အသားမှုန့် ထည့်ပါတယ်.. ခရမ်းချဉ်သီးကိုတော့ နောက်ဆုံးမှ ထည့်ဖို့ချန်ထားလိုက်ပါတယ်..
ဟင်းထဲထည့်ဖို့အတွက် အဆင်သင့် လီမွန်ဖျော်ရည်ပါ။ ရယ်ဒီမိတ် လီမွန်ဖျော်ရည်ကို သုံးထားပါတယ်..
ကော်မှုန့်ကို ဖျော်ထည့်၊ လီမွန်ဖျော်ရည်ကိုထည့်ပါတယ်..
လီမွန်ရည်ကို အိုးထဲလောင်းထည့်၊ ကောမှုန့်ကို ရေအေးနည်းနည်းနဲ့ အရည်ဖျော်ထည့်၊ ခရမ်းချဉ်သီး ကိုထည့် အတန်ကြာထားလို့ အသီးတွေ ကျက်ပြီ အသားလည်း နူးပြီဆို အပေါ့ အငံ မြည်းလို့ လိုတာထည့်ပြီး ချလို့ရပါပြီ။ အရည်ခပ်ပျစ်ပျစ်လေးနဲ့ ရောင်စုံအသီးစုံ ကြက်လီမွန်ဟင်း တစ်ခွက်ရပါပြီ။
အပေါ်က ကြက်သွန်မြိတ်လေး ဖြူးထားတဲ့ သီးစုံ ကြက်လီမွန်ပါ။
ကြက်သားကို ဆီပြန်ချက်စားရတာ ရိုးအီနေပြီ ဆိုသူများအတွက် အရသာ တစ်မျိုး ဆန်းသစ်ပြီး  အပြောင်းအလဲအဖြစ် ချက်စားနိုင်ဖို့အတွက် ကြက်လီမွန်ဟင်းကို လက်ဆောင်ပေးလိုက်ပါတယ်နော် ။
နောက်တစ်ပွဲ စားလို့ရပါတယ်။
************@************
မာလာဟင်း

နောက်ထပ် ဟင်းလျာတစ်မျိုးက မာလာဟင်းရယ်လို့ ခေတ်စားနေတဲ့ အသီးအရွက်သုပ် တစ်မျိုး ဖြစ်ပါတယ်။ မာလာဟင်းလုပ်ဖို့အတွက် ဘယ်လိုအသီးအရွက်ကို လုပ်ရမယ်လို့ ကန့်သတ်ချက်မရှိဘဲ မိမိ စားချင်တဲ့ အသီးအရွက်နဲ့ ပြုလုပ်ကြပါတယ်.. မာလာဟင်းရောင်းတဲ့ ဆိုင်တွေ တော်တော်များများမှာတော့ အသီးအရွက်စုံကို ပြင်ဆင်ထားပေးပြီး မိမိကြိုက်ရာ အသီးအရွက်ကို လက်ညိုးထိုး ထည့်ခိုင်းလို့ရပါတယ်.. မချဉ်၊ မစပ်၊ မခါးတဲ့အသီးအရွက် ဘယ်ဟာမဆို စိတ်ကူးရှိသလို မာလာဟင်းအဖြစ် ထည့်လို့ဖြစ်ပါတယ်..
မာလာဟင်းဆိုင်တွေမှာ ပြင်ဆင်ထားတဲ့ အသီးအရွက်နဲ့ အသားတစ်ချို့ပါ။ ကြိုက်တာကို ရွေးထည့်လို့ရပါတယ်. ကြာဆန်၊ ပဲပြား၊ မှိုခြောက်ပန်းခြောက်၊ ၀ဥ စသဖြင့် စုံလင်လှပါတယ်
နှစ်သက်ရာ အသီးအရွက်တွေကို ပြုတ်ပါတယ်.. ကြက်အူချောင်း၊ မှို၊ ဥနီ၊ မုန်ညင်းဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ မာလာခေါက်ဆွဲ၊ စမုန်စပါး၊ ကျို့ဆိုင်ရွက်၊ သခွားသီး၊ အာလူး၊ ကြာစွယ်၊ အော်ဆွန်း
ပြုတ်ပြီး အသီးအရွက်များ ( အဓိကက အသီးအရွက်များကို ပျော့အိအောင် မပြုတ်ရပါ။ ခပ်ဆတ်ဆတ်လေးဖြစ်ရင်ချလို့ရပါပြီ)
ငရုပ်သီးကြမ်းမှုန့်ကိုကြော်၊ မြေပဲဆန်၊ နှမ်း၊ ချောက်ကောပါးကော၊ တရုတ်ငရုပ်ကောင်းမှုန့်တို့နဲ့ ရောမွှေထားပါတယ်..
ကြက်သွန်မြိတ် နံနံ တို့ကို အဆင်သင့်ပြင်ထားပါတယ်..
တိုကျန် ခေါ် ပဲငပိပါ။
တိုကျန် မရနိုင်ပါက ပုံထဲက မာလာအနှစ်ထုပ်ကို သုံးနိုင်ပါတယ်.
အိုးထဲဆီအနည်းငယ်ထည့်၊ ဆီပူလာရင် မာလာအနှစ် သို့မဟုတ် တိုကျန် အနည်းငယ်ထည့်ပါမယ်..
ကော်မှုန့်ကို အရည်ဖျော်ပြီး အနည်းငယ် ပျစ်အောင်မွှေပေးပါမယ်.. အရည်ကို အသားပြုတ်ရည် (သို့မဟုတ်) ရိုးရိုး ရေကို သုံးနိုင်ပါတယ်။
အသီးအရွက်ပြုတ်ထားတဲ့အထဲကို အစောက ငရုပ်သီး၊ မြေပဲ၊နှမ်း၊ ချောက်ကောပါကော၊ တိုကျန်နဲ့၊ ကော်မှုန့်ရည်တို့ကိုထည့်ပြီး ဆား ၊ ဟင်းခတ်မှုန့်၊ နံနံ၊ကြက်သွန်မြိတ် တို့ထည့်ကာ ရောမွှေပေးပါ။ ငုံးဥ ကြိုက်ရင် သီးသန့်ပြုတ်ပြီး ထည့်နိုင်ပါတယ်.. ကျွန်မက မာလာဟင်းကို ဆီတွေများပြီး အရောင် နီရဲနေတာမျိုးကို မကြိုက်တဲ့ အတွက် ဆီ နည်းနည်းနဲ့သာ ငရုပ်သီးတွေကို ကြော်ထားပါတယ်။ အဆာပလာအားလုံးထည့်ပြီး တူနဲ့ နာနာမွှေပါတယ်.. ဆားအပေါ့အငံမြည်းလို့ အနေတော်ပြီဆို စေးစေးပိုင်ပိုင်နဲ့ ဆီလည်း မများလှတဲ့ မာလာဟင်းတစ်ခွက် ရပါပြီ။
အသီးအရွက်စုံတဲ့ မာလာဟင်းတစ်ခွက် ရပါပြီ။
http://www.mmitpalace.com/group/restaurantofpalace/forum/topic/show?id=6456788%3ATopic%3A166810&xgs=1&xg_source=msg_share_topic

No comments:

Post a Comment