“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, December 26, 2012

အမျိုးသမီး ရာသီစက်ဝန်းအတွင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအစာများ


အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းကာလအတွင်းမှာဆိုရင် စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်တိုတာနဲ့ မောပန်း၊ ညောင်းညာနေတာမျိုးတွေကို ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဆီကြော်စာတွေနဲ့ အချိုလွန်ကဲတဲ့ အစာတွေကို ပိုပြီး စားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ရာသီစက်ဝန်းအတွင်း စားသင့်၊ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကာဗိုဟိုက်ဒရိတ် ပါဝင်တာ စားပါ
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်အတွက် အမြဲတမ်း အဖော်မွန်ဖြစ်ပြီး အထူးသဖြင့် ရာသီစက်ဝန်းအတွင်းမှာ အဓိက လိုအပ်ပါတယ်။ သစ်သီးမှာ ပါဝင်တဲ့ သကြားဓာတ်က သင်ရဲ့ အချိုစာတွေ စားချင်နေတဲ့စိတ်ကို ထိန်းချုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မက်မွန်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ဆီးသီး၊ သခွားသီး၊ မုန်လာဥနီ စတာတွေကို စားပေးပါ။

ကဖင်းကို ရှောင်ပါ
ကဖင်းကို ခဏလောက် ရှောင်လိုက်မယ်ဆိုရင် ဝမ်းဗိုက်မှာ မအီမသာဖြစ်တာတွေကို လျော့နည်းသွားစေပါတယ်။ ကဖင်းက အစာအိမ်က အက်စစ်ဓာတ်ကို တိုးစေပြီး ရာသီစက်ဝန်းအတွင်း ဝမ်းဗိုက် မအီမသာ ဖြစ်စေတာကြောင့်ပါ။

ကယ်လ်စီယမ် ကြွယ်ဝတာကို စားပါ
အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ ဒါကြောင့် ကယ်လ်စီယမ် ကြွယ်ဝတဲ့ ကိုက်လန်၊ အစိမ်းရောင်အရွက်၊ ပန်းဂေါ်ဖီ၊ ဒိန်ချဉ်နဲ့ နို့တွေကို မှီဝဲပါ။

ဆားအများကြီး မသုံးပါနဲ့
ဆားအများကြီး စားတာကြောင့် ရင်ပူပြီး မအီမသာဖြစ်တာနဲ့ ခြေ၊ လက်တွေ တစ်ခါတလေ ရောင်ရမ်းစေတတ်ပါတယ်။ လေ့လာမှုတွေအရ လူတစ်ယောက်အတွက် တစ်နေ့မှာ ဆား ၂၃၀၀ မီလီဂရမ် လိုအပ်ပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆားပမာဏနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ဆားဟာ သင်စားနေတဲ့ အသင့်စား အစာတွေထဲမှာ အများအပြား ပါဝင်နေတတ်တာကို သတိပြုပါ။

အနက်ရောင် ချောကလက် စားပါ
ချောကလက် အနက်ရောင် အတုံးလေး တစ်တုံးမှာ ကိုကိုးက ၆၀ ရာခိုင်နှုန်းလောက် ပါဝင်တတ်ပါတယ်။ ဒါကို အမျိုးသမီးတွေ ရာသီစက်ဝန်းအတွင်း နေ့စဉ် စားပေးသင့်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။

ရေမသောက်ဘဲ မနေပါနဲ့
ရေများများ သောက်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှု ကာကွယ်နိုင်တဲ့အပြင် ခန္ဓာကိုယ် ရောင်ရမ်းမှု ဖြစ်စဉ်တွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းအတွင်း ရေသောက်မနည်းပါစေနဲ့။

မဂ္ဂနီဆီယမ် ကြွယ်ဝတာကို စားပါ
မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ တိုဟူး၊ မြေပဲ စတာတွေကို စားပေးပါ။

ဗီတာမင်ကို မမေ့ပါနဲ့
ရာသီစက်ဝန်းအတွင်း ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးရမှာပါ။ ဗီတာမင်အီး ကြွယ်ဝတဲ့ ထောပတ်သီး၊ အစေ့အဆန်နဲ့ ကြက်ဥအနှစ်တွေကို မှီဝဲပါ။ ဗီတာမင် B6 က ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမှုတွေကို လျော့နည်းစေပါတယ်။ ဗီတာမင် B6 ကို အာလူး၊ ငှက်ပျောသီး၊ ဂျုံနဲ့ ပြုလုပ်တဲ့ မုန့်တွေက ရရှိနိုင်ပါတယ်။ ဗီတာမင်စီနဲ့ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မှီဝဲပါ။

သဲသဲ
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A518747&xgs=1&xg_source=msg_share_post

No comments:

Post a Comment