ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen
Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး
အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။
ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့
ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန်
မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ
ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။
လက်က ကောင်း ကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီး တွေ ဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း
လက်ထိုးရ ခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။ ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်ြး ဖည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။
ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုးလာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယ အဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်းသွားပါတယ်။ ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်း အတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။
ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံး နာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာ ကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်း အာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါ တယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခုအနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။
ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ် တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်း က ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။
ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေ မယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။
ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေ မှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေး ပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။
ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ် နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြားနိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။
ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆိုင်ရာဆောင်းပါးများ

No comments:
Post a Comment