မျက်ရည်ဟာ မျက်လုံး အပေါ်ယံရှိ နူးညံ့တဲ့ မျက်နှာပြင်စိုစွတ်ပြီး သန့်ရှင်းအောင် ပြုလုပ်ပေးပါတယ်။ မျက်ရည်ဟာမျက်လုံးအပေါ် အတွင်းထောင့်မှာရှိတဲ့ Lacrimal ဂလင်းကနေ ထွက်ရှိတာဖြစ်ပြီး မျက်တောင်ခတ်လိုက်တိုင်း မျက်လုံးမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားလေ့ရှိပါတယ်။ မျက်တောင်တစ်ခါခတ်ချိန်က တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံသာကြာမြင့်ပြီး လူအများစုက ခြောက်စက္ကန့်ကို တစ်ခါလောက် မျက်တောင်ခတ်လေ့ ရှိပါတယ်။
မျက်တောင်ခတ်တဲ့ အချိန်ပေါင်းကို ပေါင်းကြည့်မယ်ဆိုရင် တစ်နေ့ကို နာရီဝက်စာလောက် ခတ်နေတာ ကို တွေ့ရမှာပါ။ မျက်တောင်ခတ်လိုက်တဲ့အခါမှာ ထွက်လာတဲ့ မျက်ရည်ကြည်တွေဟာ လေထဲကို အငွေ့ပျံပျောက်ကွယ်သွားသလို မျက်ရည်လမ်းကြောင်းထဲ စိမ့်ဝင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ မျက်လုံးအတွင်းထောင့်နားမှာရှိတဲ့ မျက်ရည်လမ်းကြောင်းငယ် နှစ်ခုကနေတစ်ဆင့် နှာခေါင်းထဲဝင်ရောက်ပြီး နှာခေါင်းအတွင်းဘက် တစ်သျှူးတွေကို စွတ်စိုသွားစေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ငိုတဲ့အခါ နှာရည်တွေပါ ထွက်လာတာပါ။ ငိုတဲ့ အခါ ဒါမှမဟုတ် မျက်လုံးထဲ တစ်ခုခု ၀င်ရောက်တဲ့အခါမျိုးမှာ ပုံမှန်ထက် မျက်ရည် ပိုထွက် လာတတ်တာကြောင့် အငွေ့ပျံရုံ၊ မျက်ရည်လမ်းကြောင်းထဲ စီးဝင်ရုံနဲ့ မလုံလောက်တော့တဲ့အတွက် မျက်လုံးအပြင်ကို မျက်ရည်အဖြစ် လှိမ့်ဆင်းလာတာပဲ ဖြစ်ပါတယ်။
ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ ၀မ်းသာလို့ပဲဖြစ်ဖြစ်၊ နာကျင်လို့ပဲဖြစ်ဖြစ် ဘာကြောင့် မျက်ရည်ကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သေချာ အဖြေရှာ မရသေးပါဘူး။ ဒါပေမယ့် ငိုကြွေးခြင်းက နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ခံစားချက်တွေကိုဖော်ထုတ်ပေးသလို စိတ်ဖိစီးမှုတွေ၊ စိတ်တင်းကျပ်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ ငယ်စဉ် ကလေးဘ၀ နို့စို့အရွယ်တုန်းက စကားမပြောတတ်သေးတာကြောင့် ကိုယ်တစ်ခုခုလိုအပ်တာကို တခြားလူတွေသိအောင်ငိုပြရပါတယ်။
အသက်ကြီးလာတဲ့အခါ ငိုကြွေးခြင်းက ကျွန်မတို့မှာ အကူအညီ၊ နှစ်သိမ့်မှုစသည်တို့လိုအပ်နေကြောင်းကို စကားလုံးမပါတဲ့ သင်္ကေတတစ်ခုဖြစ်နေဆဲပါပဲ။ ကမ္ဘာတစ်ဝန်းနေရာတွေမှာ ဘယ်ဘာသာစကားနဲ့မဆိုပြောဆိုနေပါစေငိုကြွေးခြင်းက လူတိုင်းနားလည်တဲ့ ဘာသာရပ် ဖြစ်နေပါတယ်။
No comments:
Post a Comment