“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 25, 2013

စာကောင်းပေမွန်ဖြင့်သာ ဘဝကို အလှဆင်ကြပါ



စာဖတ်လျှင် ကောင်းသည်။ အကျိုးရှိသည်။ သို့သော် ဖတ်ရှုသော စာတိုင်း ကောင်းမွန်သည်၊ အကျိုးရှိသည် မဟုတ်ပေ။ စာဖတ်သူ အတွက် အမှန်တကယ် လိုအပ်သော အသိ အလိမ္မာများ ပေးစွမ်းနိုင်သည့် စာများကို ရွေးချယ် ဖတ်ရှုရန် လိုပေသည်။ မည်သည့် အလုပ်မျိုး တွင်မဆို နည်းစနစ် မှန်ကန်ရန် အရေးကြီးသည်။ နည်းစနစ် မှန်ကန်ပါမှလည်း ရယူလိုသည့် အကျိုးကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ စာဖတ်၍ အသိအလိမ္မာ၊ ဥာဏ်ပညာများ ရှာဖွေစုဆောင်း လိုသော လူငယ်များသည် စာဖတ် နည်းလမ်း မှန်ကန်ရန်၊ စာများ ရွေးချယ်ဖတ်ရှု တတ်ရန် ရှေးဦးစွာ အားထုတ်ကြိုးပမ်း သင့်ပေသည်။

စာဖတ်တတ်ဖို့၊ စာဖတ်နည်း မှန်ဖို့ ဆိုသည်မှာ လောကကို ကောင်းကျိုး ပေးမည့်စာ၊ တိုင်းပြည်နှင့် လူမျိုးကို

အကျိုးပြု မည့်စာ၊ အသိဥာဏ် အလိမ္မာ ပေးမည့်စာကို စာကောင်း ပေကောင်းဟု သတ်မှတ်၍ အဆိပ်အတောက် သဖွယ် ဘေးဖြစ်စေ တတ်သောစာ၊ အယူအဆ အတွေးအခေါ် လွဲမှားစေသောစာ၊ လောဘ ဒေါသမောဟကို တိုးပွားရင့်မာ လာစေသော စာများကို စာကောင်းဟု မဆိုနိုင်ကြောင်း လူငယ်များ သိရှိရန် လိုသည်။ စာအကောင်း၊ အဆိုးရောပြွမ်း နေရာမှ စာကောင်းများကို ရွေးချယ် ဖတ်ရှုသင့် ပေသည်။

ယနေ့လူငယ် တော်တော်များများသည် မည်သို့သော စာမျိုးကို ဖတ်ရှုနေကြပါ သနည်း။ လစဉ် အပတ်စဉ် အများအပြား ထွက်ရှိနေသော ဂျာနယ်၊ မဂ္ဂဇင်း များသည် ၎င်းတို့ဖတ်သော စာများ ဖြစ်ကြသည်။ ၎င်းဂျာနယ်၊ မဂ္ဂဇင်းများ ထဲမှ လှပရင်ဖို ဖွယ်ရာ ရုပ်ပုံများ ပါသော ဂျာနယ်၊ မဂ္ဂဇင်းများကို ရွေးချယ် ဖတ်ရှုကြသည်။ သည်းထိတ်ရင်ဖို၊ ထူးထွေဆန်းကြယ် ဇာတ်လမ်း၊ ဇာတ်ကွက်များ ပါသော ရုပ်ပြဇာတ်လမ်း များကို ရွေးချယ် ဖတ်ကြသည့် ''တွေ့၊ ချစ်၊ ညား၊ ကွဲ'' ဇာတ်လမ်းပါ ဝတ္ထုများကို စိတ်ကူးယဉ်ပြီး ဖတ်ရှုကြသည်။

ယနေ့ လူငယ်များ ဖတ်ရှုနေကြသော စာအများစုမှာ မိမိတိုးတက်ရာ တိုးတက်ကြောင်း၊ မိမိဆည်းပူး လေ့လာ သင်ကြားနေသော ဘာသာရပ် ဆိုင်ရာများ အတွက် အထောက် အကူပြု၊ အကျိုးပြုနိုင်သည့် စာကောင်း ပေကောင်းများ မဟုတ်ကြဘဲ အပျော်ဖတ်စာ များသာ ပိုမိုများပြား နေကြောင်း တွေ့ရှိရမည်သာ ဖြစ်ပါသည်။

လူငယ်များ၏ ဘဝ တစ်သက်တာ လူမှု စီးပွားဘဝ ခိုင်မာရေး အတွက် လေးနက် မှန်ကန်သော လမ်းညွှန်မှုများ ပါဝင်နေသည့် ဆောင်းပါး ကောင်းများ၊ သုတရသ စာပေများကို အဖတ်နည်း ကြသည်။ မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ဖြစ်ရပ်များ ထဲမှ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်ရန် ဖော်ပြရေးသား ထားသည့် ဖြစ်ရပ်ဆန်းများကို လေးလေးနက်နက် ဆင်ခြင် ဖတ်ရှုသူ အလွန်နည်းပါး ပေသည်။ မိမိတို့ဘဝ၊ လူမျိုး၊ နိုင်ငံနှင့် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ အကြောင်း ဖော်ကျူး ရေးသားထားသည့် စာဆိုလျှင် ပျင်းစရာဟု သတ်မှတ်ကာ ကျော်လွှား သွားကြပေသည်။ ကိုယ့်ဘဝ အတွက် ပညာရပ် တစ်ခုခုကို အထောက် အကူပြုမည့် အကြောင်း အရာများ ရှာဖွေဖတ်ရှု လေ့လာရန် စာကြည့်တိုက် များသို့ သွားရောက် ဖတ်ရှုသူများ ရာခိုင်နှုန်း အားဖြင့် နည်းပါး လှပေသည်။

ယနေ့လူငယ် များသည် လာမည့် အနာဂတ် ကာလကို ပိုင်စိုးထားကြ သူများ ဖြစ်ရာ တင့်တယ် ကောင်းမွန်သော အနာဂတ်ကို ခြယ်မှုန်း ဖန်တီးမည့် သူများ ဖြစ်ကြသည်။ မျက်မှောက်ကာလ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာ သင်ယူနေသော ပညာရေး စနစ်ကို နိုင်ငံတော် အစိုးရက အကောင် အထည်ဖော် လျက်ရှိရာ ယနေ့ လူငယ်များသည် ထိရောက်စွာ ဆောင်ကြဉ်းပေး နိုင်သော စွမ်းအားရှင်များ ဖြစ်ကြပေသည်။

စာပေသည် လူ၏ စိတ်ဓာတ် ရေးရာကို ပြည့်ဝစေသည်။ အကြံကောင်း၊ ဥာဏ်ကောင်းများ ကိုပေး၍ စိတ်ကောင်း စေတနာကောင်းကို မွေးဖွား သန့်စင်ပေးသည်။ မိမိ ပတ်ဝန်းကျင်တွင် မိမိအကျိုးနှင့် သူတစ်ပါး အကျိုးကို ညီညွတ် မျှတစွာ ပေါင်းစည်းလျက် ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင် စေပါသည်။ သို့ဖြစ်၍ ''အလိမ္မာ စာမှာရှိ''၊ ''ပညာရွှေအိုး လူမခိုး''၊ ''ပညာရဲရင့် ပွဲလယ်တင့်'' ဟု ရှေးပညာရှိ များက ဆုံးမလမ်းညွှန် ခဲ့ပါသည်။

ယနေ့ကာလ စာဖတ်သူ လူငယ်များ အနေဖြင့် စာကို ဖတ်ရှုကြရာတွင် ကိုယ့်အတွက် ဆောင်ရန်၊ ရှောင်ရန်များ စိစစ်ပြီး ရှောင်ရန်ကို ဖယ်၍ ဆောင်ရန်ကို ကိုယ့်ဘဝမှာ လက်တွေ့ အသုံးချကြစေ လိုပါသည်။ သို့မှသာ မိမိတို့သည် စာကို ကောင်းမွန်စွာ ဖတ်ရှုသူများ ဖြစ်လာပြီး စာအုပ်ကောင်း၊ စာပေကောင်း များက ပေးသော အသိအလိမ္မာ များဖြင့် မိမိတို့၏ အနာဂတ် ဘဝကို လှပ တင့်တင်စွာ တည်ဆောက်ကြ ခြင်းဖြင့် မိမိတို့၏ လူမျိုးနှင့် နိုင်ငံတော် အကျိုး သည်ပိုးထမ်းရွက် ကြသူများ ဖြစ်နိုင် ကြမည်ဟု ယုံကြည်မိပါကြောင်း ရေးသား လိုက်ရပါသည်။ ။
http://www.facebook.com/photo.php?fbid=384069481690889&set=a.351047714993066.76926.351018658329305&type=1

No comments:

Post a Comment