“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 18, 2012

အဖော်မမဲ့ချင်ရင် ဒါတွေဆင်

“ဟေ့....ဟေ့....အဲလိုမလုပ်ပါနဲ့....”
မိန်းမချောလေးတစ်ယောက် ဧရာဝတီမြစ်ထဲ ခုန်ချဖို့ လုပ်နေစဉ်မှာ လူတစ်ယောက်က ကမန်းကတန်း ပြေးသွားပြီး လှမ်းဆွဲထားလိုက်သည်။ မိန်းမချောလေးက လာဆွဲသူကို ဒေါသတကြီးဖြင့် ပြန်ကြည့် လိုက်သည်။
“ရှင်နဲ့ ဘာဆိုင်လို့လဲ...ကျွန်မ သေချင်တယ်...လူ့လောကကြီးမှာ မနေချင်တော့ဘူး”
“အဖန်ငါးရာ ငါးကမ္ဘာခံရတတ်တယ်။ ဒီလိုတော့မလုပ်လိုက်ပါနဲ့။ အသက်တစ်ချောင်းက အင်မတန်ရခဲ ပါတယ်”
“ရှင်က ဘယ်သူလဲ...ဘာလို့ ကျွန်မကို လာတားနေတာလဲ”
“ငါက ကံကောင်းပါ”
“ဘယ်ကကံကောင်းလဲ...ရှင့်ကို ကျွန်မ မသိဘူး”
“အင်း...မင်း ငါ့ကို သိမှာ မဟုတ်ပါဘူး။ ငါကလည်း မင်းကို မသိပါဘူး။ ဒါပေမယ့် မင်း ဘာဖြစ်လို့ အခုလို ကိုယ့်ကိုယ်ကို သေကြောင်းကြံတာလဲ”
“ကျွန်မ ပြောပြတော့ ရှင်က ဘာများ တတ်နိုင်မှာလဲ”
“မင်းရဲ့ အဖြစ်အပျက်ကို သိရရင် ငါဘယ်လို ကူညီရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာပေါ့”
“ဒါဆိုလဲ ကျွန်မတို့ ဟောဟိုက ခုံပေါ်မှာ သွားထိုင်ပြီးပြောမယ်လေ”
မိန်းမချောလေးက မလှမ်းမကမ်းမှာရှိသော ခုံရှည်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
ခုံရှည်ပေါ်တွင် နှစ်ယောက်သား ထိုင်မိပြီးနောက် မိန်းမချောလေးက သူ့အကြောင်းကို ရင်ဖွင့်ပြောပြလေသည်။
“ဒီလိုပါရှင်...ကျွန်မက ဘွဲ့ရပြီး ဌာနတစ်ခုမှာ အလုပ်လုပ်တယ်။ ဒီလိုအလုပ်လုပ်ရင်း ရုံးသွားရုံးပြန် ဘတ်စ်ကားပေါ်မှာ တွေ့တဲ့ လူတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့တယ်။ ကျွန်မတို့ မိုးမမြင် လေမမြင် ချစ်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိခဲ့တယ်။ တစ်နေ့မမြင်ရင် တစ်နေ့ မနေနိုင်ကြဘူး။ ကျွန်မတို့ အရမ်းကို ချစ်ခဲ့ကြတာပေါ့ရှင်...”
“အင်း...ဆက်ပြောပါဦး”
“တိုတိုပဲ ပြောကြပါစို့ရှင်...ကျွန်မတို့နှစ်ယောက် ရာသက်ပန်ရိုးမြေကျအောင် ပေါင်းဖို့ စိတ်တူကိုယ်တူ ရည်စူးထားခဲ့ကြတာပေါ့။ ဒါပေမယ့်...ကျွန်မ ချစ်သူဟာ ကျွန်မကို အတွေ့မခံတော့ဘဲ ရှောင်ပြီး နေတယ်။ ကျွန်မက သူ့ဆီကို အမျိုးမျိုးဆက်သွယ်ပေမယ့် လုံးဝအတွေ့ မခံတော့ဘူး။”
“ဘာဖြစ်လို့လဲ”
“အဲဒါကို ကျွန်မ သိချင်တာလေ...ဒါပေမယ့် လုံးဝ မေးလို့မရဘူး။ အတွေ့မခံဘူး။ အဆက်အသွယ် လုံးဝမလုပ်ဘူး။ မနက်က သတင်းစာဖတ်တော့မှ သူက သူဌေးသမီးတစ်ယောက်နဲ့ စေ့စပ်လိုက်တယ် ဆိုတာ သိရတော့ ကျွန်မအရမ်းရှက်သွားတယ်။ ကျွန်မနဲ့ သူနဲ့ တွဲလာတာ ၂ နှစ်ကျော်ကျော်ရှိပြီလေ။ ကျွန်မတို့နှစ်ယောက် ချစ်သူတွေဆိုတာ တစ်ဌာနလုံးသိတယ်။ တစ်ရပ်ကွက်လုံးသိတယ်”
“အင်း...မင်း အရမ်းခံစားရမှာပေါ့”
“ဟုတ်တယ်ရှင့်...ကျွန်မရဲ့ဘ၀မှာ သူဟာ အချစ်ဦးလည်းဖြစ်တယ်။ အချစ်ဆုံးလည်းဖြစ်တယ်။ ကျွန်မ လေ...စိတ်ညစ်လွန်းလို့ အခုလို မြစ်ထဲခုန်ချပြီး အဆုံးစီရင်မလို့ပါရှင်”
“မကြံကောင်း မကြံစည်အပ်ပါဘူး။ ခင်ဗျား...အသက်ကို မနှမြောဘူးလား”
“ကျွန်မ အသက်ထက် အရှက်ကို တန်ဖိုးထားတယ်”
“ကျွန်တော် အကြံပေးမယ်...ခင်ဗျား....လိုက်နာနိုင်မလား”
“ရှင်က ဘာလဲ။ ကျွန်မကို ဘာများအကြံပေးချင်လို့လဲ”
ကံကောင်းက အိတ်ထဲက ပလစ်စတစ်လောင်းထားသော ကတ်ပြားလေးနှစ်ခုကို ထုတ်ပြီး မိန်းမချောလေး၏ လက်ထဲကို ထည့်လိုက်လေသည်။ မိန်းမချောလေးက ကတ်ပြားကို အသေအချာ ကိုင်ကြည့်လိုက်သည်။

“ဒါက ဘာလဲရှင့်”
“အချစ်ရေး...အိမ်ထောင်ရေး အဆင်ပြေစေမယ့် တံဆိပ်ကလေးတွေပါ”
“ရှင်က ဗေဒင်ဆရာလား”
“ဟာ...မဟုတ်ပါဘူး။ ဗေဒင်လဲ မဟောတတ်ပါဘူး”
“ကျွန်မ နားမလည်ဘူး...ရှင်းရှင်းလင်းလင်းလေး ပြောပြပါလား”
“ဒီလိုပါ...ကျွန်တော်က လောကီပညာနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက အယူအဆတွေ၊ မြန်မာ့ အယူအဆတွေ၊ ကမ္ဘာ့ပညာရှိတွေ၊ မြန်မာ့ပညာရှိတွေ ရေးသားတဲ့ အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှုပြီး လူတွေရဲ့အခက်အခဲတွေကို ပြေလည်စေမယ့်နည်းလမ်းတွေကို ရှာဖွေနေတာပါ”
“သြော်...ကျွန်မ စိတ်ဝင်စားလာပြီ။ ကျွန်မ တွေ့ကြုံနေရတဲ့ ခံစားချက်တွေ ကုစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်ရှင်”
“ဟုတ်ကဲ့...ကျွန်တော် လေ့လာထားတာလေးတွေကို ပြောပြပါမယ်။ ဒီပုံလေးက Hercules Knot Love Amulet လို့ခေါ်ပါတယ်။ ဗမာလိုပြောရရင်တော့ ဟာကျူလီအချစ်ကြိုးထုံးလေးပေါ့။ ကမ္ဘာအရပ်ရပ်က အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေတဲ့သူတွေ အတွက် ပီယအဆောင်လို့ ပြောရင်ရပါတယ်”
“ဒါဆို...ကျွန်မက ဒါကိုဆောင်ထားရင် ကျွန်မရဲ့ အချစ်ရေးအဆင်ပြေနိုင်ပါ့မလား”
“ကျွန်တော်...ရှင်းရှင်းပြောမယ်။ ဒါကို ဆောင်ထားရုံနဲ့တော့ အဆင်ပြေတယ်လို့ မပြောနိုင်ဘူး။ ခင်ဗျားလုပ်သင့်တာက ခင်ဗျားရဲ့ချစ်သူအပေါ်မှာ လုံးဝ မေတ္တာမပျက်ပါနဲ့။ ချစ်သူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်ရှိပါစေလို့ မေတ္တာပို့ပေးပါ။ ပြီးတော့...”
“ပြောပါဦး ကိုကံကောင်း”
“ကျွန်တော်ပေးထားတဲ့ ပုံအတိုင်း ရင်ထိုးလေးဖြစ်ဖြစ်၊ ဆွဲကြိုးလေးဖြစ်ဖြစ် ရွှေ ဒါမှမဟုတ် ငွေနဲ့ ပြုလုပ်ပြီး အမြဲတန်း ၀တ်ဆင်ထားပါ။ အချစ်ရေးမှာ ကံကောင်းခြင်း၊ မျက်နှာပွင့်လန်းခြင်း၊ စန်းပွင့်ခြင်း နဲ့ တွေ့ကြုံရပါမယ်”
“ရှင်...တကယ်ပြောနေတာလား”
“ကျွန်တော် စမ်းသပ်ပြီးပါပြီ။ ယုံယုံကြည်ကြည်နဲ့သာ ဆောင်ရွက်ပါ”
“၀မ်းသာလိုက်တာရှင်”
“ဒီမယ် ကျွန်တော် ရှာဖွေထားတဲ့ လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက်၊ ရင်ထိုး၊ ခါးပတ် ပုံလေးတွေပါ”
ကိုကံကောင်းက သူ့လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီး ပုံများကို ပြလေသည်။



“ကျွန်မ တစ်ခုမေးပါစေရှင်”
“မေးပါ....မေးပါ”
“အမျိုးသားတွေကော ဆောင်ရင်ရသလား”
“ရပါတယ်...ကိုယ်တကယ်ချစ်ပြီး မေတ္တာရှိတဲ့သူကို သစ္စာရှိရှိနဲ့ တန်ဖိုးထားပေးပါ။ ပျော်ရွှင် ချမ်းမြေ့မှု မလွဲဧကန်ရရှိနိုင်ပါတယ်”
“ဟုတ်ကဲ့ရှင်...အရမ်းကို ကျေးဇူးတင်ပါတယ်”
“နောက်ပြီး...ကျွန်တော်ပြောမယ်...ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးနဲ့...ကျရှုံးနေချိန်မှာ ခံနိုင်ရည်ရှိဖို့လိုတယ်။ ကျွန်တော်သွားပြီနော်”
“နေပါဦးရှင်...ရှင်က ဘယ်မှာနေတာလဲ”
“ကျွန်တော်က မြန်မာပြည်အလယ်ပိုင်းတစ်နေရာမှာ နေပါတယ်။ အခုတော့ ဘ၀ခရီးသည်ပေါ့။ အနယ်နယ် အရပ်ရပ်ကို လှည့်လည်သွားနေပြီး စိတ်ချမ်းသာမှုကို ရှာဖွေနေတာပါ”
“ကျွန်မ...ရှင့်ကို ဘယ်လိုတွေ့နိုင်မလဲ”
“ကျွန်တော် ဖုန်းနံပါတ်တစ်ခုပေးခဲ့ပါမယ်။ အဆင်ပြေတဲ့အချိန်ဆက်သွယ်ပါ”
ကံကောင်းက ဖုန်းနံပါတ်တစ်ခုကို ပေးခဲ့ပြီးနောက် ထိုနေရာမှ ထွက်ခွါသွားလေသည်။
၆ လခန့်ကြာမြင့်ပြီးသည့်နောက်တွင် မိန်းမချောလေးသည် သူ့ချစ်သူနှင့် ထိမ်းမြားလက်ထပ် ဖြစ်သွား သည့် မင်္ဂလာသတင်းကို ကံကောင်း ကြားသိလိုက်ရလေသတည်း။
ကျော်သိုက်

http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1490557&xgs=1&xg_source=msg_share_post

No comments:

Post a Comment