“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, September 7, 2012

၁၂ရာသီဗေဒင်ဟောကိန်း

Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၂ဝ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
မိန်ရာသီဖွားက ခံစားမှုများသူဖြစ်တယ်။ မလုံခြုံဘူးလို့ အလွယ်တကူခံစားတတ်သူဖြစ်တယ်။ အနုပညာဆန်တဲ့ အရာတွေကို နှစ်သက်သူဖြစ်တယ်။ အဖြူရောင်ကို နှစ်သက်တယ်၊ စိတ်ကူးယဉ်ဆန်တာကို နှစ်သက်တယ်။ ပင်လယ်ကိုနှစ်သက်တယ်။ စိတ်တိုဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းတယ်။ ဒါပေမယ့် အလွယ်တကူ စိတ်မတိုတတ်သူဖြစ်တယ်။ သူ့ရင်ထဲမှာ မိသားစုက ပထမတန်ဖိုးရှိသူဖြစ်ပြီး သူငယ်ချင်းအပေါင်းအသင်းကို အလေးထားချစ်ခင်သူဖြစ်တယ်။ စိတ်ကူးယဉ်တတ်ပြီး လက်တွေ့မကျသူဖြစ်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဘာလိုချင်တယ်ဆိုတာကို သိသူဖြစ်တယ်။ ဂီတသီချင်းတွေ နှစ်သက်တယ်။ တွေဝေစိတ်များတယ်။
မိန်ရာသီဖွားက စိတ်ခံစားမှုများတယ်။ ရှေ့တစ်မိနစ်မှာ သင်နဲ့အတူ သူပြုံးပျော်နေတယ်ဆိုပေမယ့် နောက်တစ်မိနစ်မှာ သူတိတ်ဆိတ်ငြိမ်သက်သွားတတ်တယ်။ သူတကယ်နှစ်သက်တဲ့အရာကို စွဲစွဲမြဲမြဲရှိတတ်တယ်။ ထာဝရဆိုတာကို ယုံကြည်သူဖြစ်ပေမယ့် ထိခိုက်နာကျင်ခံရမှာကို ကြောက်သူဖြစ်တယ်။ တွေဝေစိတ်များတဲ့ရာသီဖွားဖြစ်တယ်။ နွေးထွေးနူးညံ့မှုပေးနိုင်တဲ့ အရာတွေကို သူနှစ်သက်တယ်။ လွတ်လပ် လင်းလက်တဲ့အရာတွေကို ကြိုက်တယ်။ အလုပ်လုပ်ရင် ဇွဲရှိတယ်။ ကိုယ့်စိတ်ကူးအိပ်မက်အတွက်၊ ကိုယ်ချစ်တဲ့သူအတွက် အရာရာကို စွန့်လွှတ်ရဲသူဖြစ်တယ်။

. Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၉ အတွင်းမွေးဖွားသူ)
ကုံရာသီဖွားက ရိုးရှင်းတယ်။ သူတစ်ပါးနဲ့ ငြင်းခုန်ရန်ဖြစ်ရတာကို မနှစ်သက်ဘူး။ ကုံရာသီဖွားရဲ့ အပြင်ပန်းက ကြံ့ခိုင်ပြီး အေးဆေးတည်ငြိမ်ပေမယ့် အတွင်းစိတ်က အလွယ်တကူ ထိရှလွယ်တယ်။ ကုံရာသီဖွားက ဟန်ဆောင်တတ်တယ်။ ရင်ထဲက နာကျင်ထိခိုက်နေလည်း
ဘာမှမဖြစ်သလို ခေါင်းမာဟန်ဆောင်တတ်တယ်။ အပြုံးကို မျက်နှာပေါ်မှာ ချိတ်ဆွဲထားတတ်တယ်။
ကုံရာသီဖွားကို အနိုင်မကျင့်ပါနဲ့။ ကုံရာသီဖွားက သစ္စာမရှိ၊ မရိုးသားတဲ့လူတွေကို အမြင်ကပ်တယ်။ တခြားလူကို သူတို့မတောင်းဆိုတတ်သလို သူတို့ကိုတောင်းဆိုရင်လည်း ကုံရာသီဖွားက မနှစ်သက်တတ်ဘူး။ သူတို့က ဖက်ရှင်ကျကျ နေတတ်သူဖြစ်တယ်။ ဘယ်တော့မှ မပြောင်းလဲတဲ့စတိုင်လ်မျိုးကို သူတို့မနှစ်သက်ဘူး။ ကုံရာသီဖွားကို ချစ်ရင် ပျော်ရွှင်တတ်တဲ့၊ အကောင်းမြင်တဲ့ စိတ်နှလုံးတစ်စုံရှိရတယ်။ အချစ်နဲ့ပတ်သက်လာရင် ကုံရာသီဖွားက ခံစားမှုအာရုံနောက်လိုက်တတ်တယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတာကို နှစ်သက်တယ်။ သင်ဟာ အရမ်းချွဲကပ်လွန်း၊ ပူးကပ်လွန်းရင် ကုံရာသီဖွားရဲ့ချစ်သူ မဖြစ်သင့်ပါဘူး။

Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂ဝ အတွင်းမွေးဖွားသူ)
မကာရရာသီဖွားက အထီးကျန်မှာကိုကြောက်တယ်။ သူတစ်ပါးကို မှီခိုချင်စိတ်ရှိတယ်။ ဒါပေမယ့် တကယ်မှီခိုတာလည်း မဟုတ်ဘူး။ တစ်ယောက်ထဲ ထီးထီးနေရတာကို အကျင့်ပါနေလို့ဖြစ်တယ်။ မကာရရာသီဖွားက စိတ်ကူးစိတ်ပြောင်းလွယ်တယ်။ ကလေးဆန်ပြီး ခေါင်းမာတယ်။ မှားမှန်သိရက်နဲ့ ခေါင်းအမာခံတယ်။ မကာရရာသီဖွားက ခံစားချက်နဲ့လိုက်ပြီး လူ၊ အရာဝတ္ထုကို မှတ်ချက်ပေးတတ်တယ်။ မကာရရာသီဖွားက သတ္တိနည်းသလို ဆုံးရှုံးမှာလည်း အရမ်းကြောက်တယ်။ ဒါပေမယ့် လုပ်လိုက်ရင်လည်း သတ္တိရှိရှိ ရဲရဲရင့်ရင့်ပဲ။ အပြင်ပန်းက ကြံ့ခိုင်ပေမယ့် အတွင်းစိတ်က အလွယ်တကူ ထိရှလွယ်တယ်။
. သင်ဟာ မချောမလှချင်နေ၊ မသိမ်မွေ့ချင်နေ ဒါပေမယ့် အကောင်းမြင်စိတ်ရှိတယ်၊ ဇွဲလုံလရှိတယ်ဆိုရင် မကာရရာသီဖွားက သင့်ကိုအထင်ကြီးလေးစားမှာဖြစ်တယ်။ မကာရရာသီဖွားကို လိမ်ညာလို့မရဘူး။ သူတို့ဟာ ကြင်နာတတ်သူတွေဖြစ်တယ်။ ခံစားချက်ထိရှလွယ်ပြီး သည်းခံတတ်၊ ဟန်မပျက်အောင်ထိန်းတတ်တာက မကာရရာသီဖွားရဲ့ တံဆိပ်ဖြစ်တယ်။ သူတို့ဟာ လူရှေ့သူရှေ့မှာ ဟန်ဆောင်ကောင်းတယ်။ တုံးအသလိုလို ဟန်ဆောင်တတ်တယ်။ ဒီလိုဟန်ဆောင်နိုင်တဲ့အစွမ်းက သူတို့ရဲ့ထက်မြက်ခြင်းပဲဖြစ်တယ်။ တကယ့်ယုံကြည်ရတဲ့ သူငယ်ချင်းမဟုတ်ရင် မကာရရာသီဖွားက သူ့အတွင်းစိတ်ကို သိစေမှာမဟုတ်ဘူး။ သူ့အပေါ် လုံခြုံမှုပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မကာရရာသီဖွားက တစ်ဘက်သားကို စစ်စစ်မှန်မှန် ဆက်ဆံတတ်တယ်။ ဒါပေမယ့် သိထားရမှာက သင်ဟာ သူ့တန်ဖိုးထားထိုက်တဲ့သူ ဖြစ်နေဖို့လိုတယ်ဆိုတာပါပဲ။

 Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
ပွင့်လင်းတဲ့ ဓနုရာသီဖွားဟာ သံယောဇဉ်ကြီးတယ်။ လွတ်လပ်မှုကိုကြိုက်တယ်။ ကိုယ်ပိုင်ဟန်ရှိတယ်။ သူတို့ဟာ လွတ်လပ်ခြင်းနဲ့ ချစ်ခင်ရင်းနှီးခြင်းကြားမှာ လူးလားခေါက်ပြန်တယ်။ အေးဆေးငြိမ်းချမ်းတဲ့ အချစ်ကို လိုလားတယ်။ စိတ်လှုပ်ရှား စိုးရိမ်ရတဲ့အခြေအနေကို မနှစ်သက်ဘူး။ တကယ်လို့ သင်ဟာ အချစ်ကိုဦးစားပေးသူဆိုရင် ဓနုရာသီဖွားကိုရွေးဖို့ သေသေချာချာ စဉ်းစားရလိမ့်မယ်။ သူတို့ဟာ သွက်လက်မြန်ဆန်မှုကို လိုလားတဲ့ရာသီဖွားဖြစ်တယ်။ ဓနုရာသီဖွားကို ချစ်မိရင် သူတို့တောင်းဆိုတဲ့ လွတ်လပ်မှုကို လေးစားရတယ်။ အတင်းအကျပ် လုပ်လို့မရဘူး။ ဓနုရာသီဖွားကိုချစ်ရင် လွတ်လပ်ခြင်းကိုချစ်တဲ့ သူတို့စိတ်ကိုလည်း ချစ်တတ်ရမယ်။
. ပထမဆုံးအကြိမ် ဓနုရာသီဖွားနဲ့တွေ့ရင် သူတို့ဟာ အေးစက်တယ်လို့ သင်ထင်ကောင်းထင်လိမ့်မယ်။ ဓနုရာသီဖွားက ပထမဆုံးအကြိမ်သိရသူကို အပြုံးအရယ် သိပ်မထုတ်ပြတတ်ဘူး။ တစ်ဘက်သားက သူ့အပေါ် အရင်ဆုံး ကောင်းတဲ့ခံစားချက်ပေးမှ ဓနုရာသီဖွားက သူ့ရဲ့ခင်မင်ရင်းနှီးမှု၊ စိတ်အားထက်သန်မှုကို ထုတ်ပြတတ်တယ်။
တကယ်တော့ ဓနုရာသီဖွားက လူမသိ၊ သူမသိဘဲ နေချင်သူဖြစ်တယ်။ လူမသိ၊ သူမသိ မကျော်ကြားဘဲ အလုပ်လုပ်ချင်သူဖြစ်တယ်။ သူတို့လိုချင်တာလဲ သိပ်မများပါဘူး။ နွေးထွေးတဲ့ မိသားစု၊ မိဘနှစ်ပါး၊ စိတ်တူကိုယ်တူ သူငယ်ချင်းတချို့နဲ့ သူ့ကိုချစ်တဲ့ လူတစ်ယောက်ကိုပဲ သူတို့လိုပါတယ်။

 Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
ဗြိစ္ဆာရာသီဖွားက ပဟေဠိဆန် လျှို့ဝှက်ပြီး စိတ်ဆန္ဒပြင်းပြသူဖြစ်တယ်။ သူဟာ သူ့လျှို့ဝှက်ချက်ကို ရင်ထဲနက်နက်ဖွက်ထားတတ်သလို သူတစ်ပါးရဲ့ အတွင်းစိတ်ကိုလည်း သိလိုစူးစမ်းလိုစိတ်ရှိသူဖြစ်တယ်။ ဒါကြောင့် ဗြိစ္ဆာရာသီဖွားကို ရည်းစားထားရင် သစ္စာရှိရတယ်။ ဒီလိုမှမဟုတ်ရင် သူအရှက်ရ ပေါက်ကွဲခဲ့ရင် နောက်ဆက်တွဲဖြစ်လာမယ့် အခြေအနေက အရမ်းဆိုးဝါးတတ်တယ်။ စိတ်ကြီးတဲ့ဗြိစ္ဆာရာသီဖွားကို တစ်ခါတလေမှာ ကြည့်ရတာ လူကို တုန်လှုပ်ထိတ်လန့်စေတယ်ဆိုပေမယ့် ချစ်သူရည်းစားနဲ့တွေ့ရင် သူတို့က ရေလိုပျော့ပျောင်းနူးညံ့သွားတတ်သလို အရမ်းလည်း စေ့စပ်ဂရုစိုက်တတ်တယ်။ ဒါကြောင့် ဗြိစ္ဆာရာသီဖွားကို ဆက်ဆံရင် သိမ်မွေ့နူးညံ့ခြင်းက အကောင်းဆုံးလက်နက်ပဲဖြစ်တယ်။
. ဗြိစ္ဆာရာသီဖွားတွေက စိတ်ခံစားချက်ကို စိတ်ထဲမှာပဲ ထည့်ထားတတ်သူဖြစ်တယ်။ မပျော်ရွှင်လည်း တခြားသူရှေ့မှာ အပြုံးမျက်နှာကို ဆောင်ထားတတ်တယ်။ သူတို့ရဲ့ မပျော်ရွှင်မှုကို တခြားသူဆီ ကူးစက်မပေးချင်လို့ဖြစ်တယ်။ ဒါကြောင့် လူအများက ဗြိစ္ဆာရာသီဖွားကို ပါးနပ်သူဆိုပြီး နားမလည်ကြဘူး။ တကယ်တော့ သူတို့ဟာ ရိုးသားပြီး တခြားသူအတွက် အလွယ်တကူပေးဆပ်တတ်ကြတယ်။ လူတွေကတာ သတိမမူမိလို့ဖြစ်တယ်။ တကယ်လို့ ဗြိစ္ဆာရာသီဖွားနဲ့ သူငယ်ချင်းဖြစ်ခဲ့ရင် သူတို့ကိုယုံကြည်ပါ။
ယုံကြည်မှပဲ ဟန်ဆောင်မှုမရှိတာကို သင်တွေ့ရပါလိမ့်မယ်။

Libra (တူရာသီဖွား-- စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ အတွင်းမွေးဖွားသူ)
တူရာသီဖွားက နူးညံ့သိမ်မွေ့တယ်။ ဆူညံ့ပျော်ပါးတာကို နှစ်သက်တယ်။ ဇွဲကောင်းတယ်။ သတ္တိနည်းတယ်ဆိုပေမယ့် သတ္တိရှိဟန်ဆောင်တတ်တယ်။ ရွေးချယ်ရ၊ ဆုံးဖြတ်ရတာကို မနှစ်သက်ဘူး။ နာကျင်ထိခိုက်မှာကို ကြောက်တယ်။ သံယောဇဉ်များတယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲရမှန်းသိရက်နဲ့ မပြောင်းလဲနိုင်ဖြစ်တယ်။ ချွဲနွဲ့ချင်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိချင်တယ်။ ပျော်ရွှင်ကြည်နူးခြင်းကို ယုံကြည်တယ်။ တည်ကြည်လေးနက် လွယ်ပေမယ့် တည်ကြည်လေးနက်မှန်း လူတွေမသိကြဘူး။ အငြိုးအတေးမထားတတ်ဘူး။ အပူအပင်မရှိဘူး။ ဒါပေမယ့် ခံစားမှုတစ်ခုတိုင်းကိုတော့ အလေးအနက်ထားတယ်။
တူရာသီဖွားက မေ့လွယ်တယ်။ အရေးကြီးတဲ့ကိစ္စဖြစ်ဖြစ်၊ အရေးမကြီးတဲ့ကိစ္စပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မေ့တတ်တယ်။ တူရာသီဖွားနဲ့ ရန်ဖြစ်ရတာ အကောင်းဆုံးပဲ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အငြိုးအတေး မထားတတ်လို့ဖြစ်တယ်။ ဒီတစ်မိနစ်မှာ သူဒေါသထွက်တယ်၊ နောက်တစ်မိနစ်မှာ သူမေ့သွားပြီး သင့်ကို ခွင့်လွှတ်တယ်။ အလွယ်တကူမေ့တတ်တာကြောင့် တူရာသီဖွားတွေကို ဘောလ်ပင်နဲ့စာရွက် အမြဲဆောင်ထားတတ်ဖို့ အသိပေးပါတယ်။ အငြိုးအတေးမထားတတ်တဲ့ တူရာသီဖွားနဲ့ကြုံခဲ့ရင် တန်ဖိုးထားလိုက်ပါ။

. virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၃ အတွင်းမွေးဖွားသူ)
ကန်ရာသီဖွားက တွေးခေါ်ဆင်ခြင်တတ်တယ်၊ တည်ငြိမ်တယ်၊ အသိဉာဏ်ရှိတယ်။ ကန်ရာသီဖွားက အာရုံခံစားမှုများတယ်။ သံသယများတယ်။ အဆိုးမြင်စိတ်များသူဖြစ်တယ်။ သူတို့က ကလေးနဲ့တူပြီး မလုံခြုံဘူးလို့ ခံစားရရင် စိတ်ထဲမှာ ရှုပ်ထွေးနေတတ်တယ်။ အပြင်ပန်းကြည့်ရတာ အရာရာကို အလေးမထားဘူး ထင်ရပေမယ့် တကယ်တမ်းတော့ သူ့စိတ်ထဲမှာ တွန့်လိန်ရှုပ်ထွေးနေတာဖြစ်တယ်။ သူ့ကို ကလေးလေးတစ်ယောက်လို ချော့မော့တဲ့လူရှိမှ ပြန်ကောင်းလာတတ်သူဖြစ်တယ်။
. ကန်ရာသီဖွားက အာရုံခံစားမှုကောင်းတယ်။ ဘာမှ ဇီဇာမကြောင်ဘူး၊ ကြေးမများဘူး၊ အလေးမထားဘူးဆိုပေမယ့် တကယ်တော့ သင်နဲ့အလိုက်အထိုက်နေတတ်သူ၊ ကူညီဆောင်ကြဉ်းတတ်သူဖြစ်တယ်။ ကန်ရာသီဖွားက ဘာအကြောင်းပြချက်မှ မရှိဘဲ လူတစ်ယောက်ကို ချစ်မိတတ်တယ်။ တကယ်လို့ အကြောင်းပြချက်ပေးကို ပေးရမယ်လို့ တောင်းဆိုရင် ခံစားချက်ကြောင့်လို့ ကန်ရာသီဖွားကဖြေလိမ့်မယ်။ သူလိုချင်တဲ့ ခံစားချက်ကို ဒီလူကပေးနိုင်တယ် ဒါမှမဟုတ် အတွေးချင်းတူလို့လို့ သူတို့ဆိုလိမ့်မယ်။ တစ်ယောက်ယောက်ကို ကန်ရာသီဖွားကချစ်မိပြီဆိုရင် တခြားလူဘယ်သူကိုမှ သူ့စိတ်ထဲ သူ့အကြည့်ထဲထည့်ထားတော့မှာ မဟုတ်ပါဘူး။

Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)
သိဟ်ရာသီဖွားက အားကစားလုပ်ရတာကို နှစ်သက်တယ်။ သူငယ်ချင်း အပေါင်းအသင်းမက်ပြီး ရိုးသားသွက်လက်တယ်၊ ကလေးဆန်တယ်။ သူတို့က ချစ်စရာကောင်းတဲ့ ကြောင်ကလေးနဲ့တူတယ်။ ကုပ်ကမြင်းဖြစ်တယ်။ ဘဝမှာ သူတစ်ပါးကိုငြင်းဆန်ချိန်ဟာ သိဟ်ရာသီဖွား အပျော့ညံ့ဆုံးအချိန်၊ စိတ်အထိခိုက်ဆုံးအချိန်နဲ့ နွေးထွေးနှစ်သိမ့်မှုကို အလိုဆုံးအချိန်ဖြစ်တယ်။ ရဲရင့်တဲ့သိဟ်ရာသီဖွား လိုအပ်နေတာက တကယ့်စိတ်နှလုံးရှိသူ၊ သူနဲ့ အတွေးအခေါ် တူညီသူဖြစ်တယ်။ သိဟ်ရာသီဖွားက စိတ်ပျော့တယ်။ လက်လွတ်ရက်တာမျိုး မရှိဘူး။ ဒါပေမယ့် လွတ်ချမယ်လို့ ဆုံးဖြတ်ပြီးရင်တော့ နောက်ပြန်လှည့်မကြည့်သူဖြစ်တယ်။
သိဟ်ရာသီဖွားက စိတ်ထဲမှာ မူယာမာယာမများသူတွေနဲ့ သူငယ်ချင်းလုပ်ရတာကို နှစ်သက်သူဖြစ်တယ်။ သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ အဲဒီလူကို ကိုယ့်လူလို့ သိဟ်ရာသီဖွားတွေက သတ်မှတ်တတ်ပြီး ကိုယ့်ထိန်းချုပ်တဲ့စည်းမှာပဲ အဲဒီလူကို ရှိစေချင်တယ်။ ဒါဟာ သိဟ်ရာသီဖွားကို ပူးကပ်လွန်းတယ်လို့ တစ်ဖက်သားကို စိတ်အနှောက်အယှက်ဖြစ်စေတတ်တယ်။ တကယ်တော့ သိဟ်ရာသီဖွားရဲ့စိတ်ထဲမှာ ပေးဆပ်တိုင်း ပြန်ရယူမှု ရချင်မှရမယ်ဆိုတာကို နားလည်ထားပါတယ်။
တခြားသူ ငါ့အပေါ်မကောင်းချင်နေ ငါကတော့ သူ့အပေါ် မကောင်းတာမလုပ်တာ သိဟ်ရာသီဖွားပဲဖြစ်တယ်။

Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၂ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
ကရကဋ်ရာသီဖွားက တွေဝေစိတ်ပြင်းထန်သူဖြစ်တယ်​။ ဦးနှောက်ထဲမှာ မပြတ်တွေးတောနေတတ်သူဖြစ်တယ်​။ အဆိုးဆုံးက ပြီးခဲ့တာကို ထပ်တလဲလဲ အစပြန်ဖော်တာဖြစ်တယ်။ အတိတ်ကအမှတ်တရဆိုတာ သူ့စိတ်ဓာတ်ရဲ့တောင်ဝှေ့လို့​ သတ်မှတ်ထားသူဖြစ်တယ်။ အပျက်သဘော လွန်ကဲသူဖြစ်တယ်။ ပြီးပြည့်စုံခြင်းကို လိုလားတယ်။ အတင်းအဓမ္မစိတ်နဲ့ ထီးထီးနေလိုစိတ် အနည်းငယ်ရှိတယ်။ ကောက်ကျစ်ကြံစည်တာကို မုန်းတယ်။ ပထမဆုံးအကြိမ် တွေ့မြင်တာကို အလေးထားသူဖြစ်တယ်။ ပထမဆုံးအကြိမ် တွေ့မြင်ထိတွေ့တာကို စွဲစွဲမြဲမြဲမှတ်သားတတ်သူဖြ​စ်တယ်။ စိတ်ညစ် ဝမ်းနည်းပြီဆိုရင် နှုတ်ဆိတ်နေတတ်တယ်။ ကရကဋ်ရာသီဖွားက တခြားသူကို အတင်းအကျပ်စေခိုင်းလို့ မရမှန်း ကရကဋ်ရာသီဖွားပဲသိတယ်။
.ကရကဋ်ရာသီဖွားက စိတ်ပျော့တယ်။ အလွယ်တကူ ခံစားတတ်တယ်။ အပြင်ခွံက မာတာတာဆိုပေမယ့် အခွံအောက်မှာ ခံစားလွယ်တဲ့နှလုံးသားရှိသူ​ဖြစ်တယ်။ သူတို့ဟာ အားနည်းသူမှန်း ကိုယ့်ကိုယ်ကိုသိသလို အလွယ်တကူ ထိခိုက်နာကျင်တတ်သူမှန်းလည်း သိတယ်။ သူတို့က အချစ်ကို ယုံကြည်သူ၊ အချစ်ကို ရိုးသားဖြူစင်တယ်လို့ ထင်မှတ်သူ၊ ထာဝရ ရာသက်ပန်လို့ ယုံကြည်သူတွေဖြစ်တယ်။ လူတစ်ယောက်ကိုချစ်ရင် နစ်နစ်ကာကာ ချစ်တတ်သူဖြစ်တယ်။

Gemini (မေထုန်ရာသီဖွား-- မေ ၂၂ မှ ဇွန် ၂၁ အတွင်းမွေးဖွားသူ)
မေထုန်ရာသီဖွားက တစ်ခါတလေမှာ ပေါ့ပေါ့ပျက်ပျက်၊ တစ်ခါတလေမှာ လေးလေးနက်နက်ရှိတယ်။ တစ်ခါတလေမှာ ကိုယ်ဘာလုပ်လို့ ဘာလုပ်နေမှန်း မသိသူဖြစ်တယ်။ သူတစ်ပါး မယုံကြည်တာ၊ အထင်အမြင်လွဲမှားတာကို မေထုန်ရာသီဖွားက မလိုလားဘူး။ စိတ်ညစ်စရာနဲ့ကြုံရင် ရင်ထဲမှာပဲ သိမ်းထားတတ်တယ်။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ အပြုံးနဲ့လူကို ကြိုဆိုတတ်တယ်။ မေထုန်ရာသီဖွားက ကိုယ့်ရင်ထဲကစကားကို တခြားသူနား သိပ်မပြောတတ်ဘူး။ မပြောချင်တာတော့မဟုတ်ဘူး ဘယ်လိုစကားစပြီး ပြောရမှန်း သူတို့မသိတာဖြစ်တယ်။ ပြောလိုက်ရင်လည်း ကိုယ့်တွေးထင်တာကို လူတွေနားမလည်လို့ဖြစ်တယ်။ မေထုန်ရာသီဖွားအကြောင်းကို မေထုန်ရာသီဖွားပဲ နားလည်တယ်။
. မေထုန်ရာသီဖွားက လောကကြီးကို မစွန့်လွှတ်တတ်ဘူး၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို စွန့်လွှတ်ပြီး သူတစ်ပါးကို လိုက်လျောတတ်တယ်။ ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းကို သူတို့သိနားလည်တယ်။ ဒီတစ်စက္ကန့်မှာ ဒီလူကို သူအမြင်ကပ်တယ်။ ဒါပေမယ့် နောက်တစ်စက္ကန့်မှာ အဲဒီလူ အခက်အခဲကြုံရင် သူဝင်ကူတတ်တယ်။ တုံးအလွန်းတယ် မဟုတ်လား? တုံးအလွန်းလို့ သူတစ်ပါးကိုတောင် ကရုဏာဖြစ်ရအောင်ပါဘဲ..

 http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1416480&xgs=1&xg_source=msg_share_post

No comments:

Post a Comment