“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, September 28, 2013

First Look: Samsung Galaxy Gear Smartwatch(စမတ်လက်ပတ်နာရီ)

 
Galaxy Gear ဆိုတာကတော့ အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung မှ ထုတ်လုပ်ထားတဲ့ စမတ်လက်ပတ်နာရီပဲ ဖြစ်ပါတယ်။ Galaxy Gear ကို စမတ်ဖုန်း (သို့) တက်ဘလက်နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ Galaxy Note 3 နှင့် Note 10.1 တို့နဲ့သာ ချိတ်ဆက်ပြီး သုံးစွဲလို့ရပါလိမ့်မယ်။ Samsung အနေနဲ့ မကြာမီ အချိန်မှာ Galaxy S4 ၊ Note 2 တို့နဲ့လည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် Galaxy Gear ရဲ့ ဈေးနှုန်းကတော့ ပေါ့သေးသေး မဟုတ်ပါဘူး။ သီးသန့် ဝယ်ယူမယ်ဆိုရင် ကျပ် ၂ သိန်းခွဲကျော် ကျသင့်မှာဖြစ်ပြီး Note 3 နဲ့ အတူဝယ်ယူမယ်ဆိုရင်တော့ ကျပ် ၇ သိန်းကျော် ကျသင့်ပါလိမ်မယ်။ အဓိကပြဿနာက Galaxy Gear ကို Samsung ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေ တက်ဘလက်တွေနဲ့သာ လက်ရှိအချိန်မှာ ချိတ်ဆက်သုံးစွဲလို့ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Galaxy Gear ကို Myanmar Consumer Guide မှ ပထမဆုံးအကြိမ် ကိုင်တွယ်စမ်းသပ် ကြည့်ခဲ့ရာမှာတော့ -


Specifications:

မျက်နှာပြင် - 1.63-inch (320 x 320 pixels)
ပရော်ဆက်ဆာ - 800MHz
သိုမှီးမှုပမာဏ - 4GB

ကင်မရာ - 1.9 MP
ချိတ်ဆက်မှု - Bluetooth 4.0
Sensor - Accelerometer, Gyroscope
ဘက္ကထရီ - Li-ion 315mAh


ကျွန်တော်တို့ အနေနဲ့ လက်တွေ့ကျကျ ကိုင်တွယ်အသုံးပြုပြီးတဲ့ နောက်မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ရပါဘူး။ Samsung ရဲ့ ပထမဆုံးသော စမတ်လက်ပတ်နာရီမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ Apple iWatch ကို နိုင်လိုဇောနဲ့ အလျင်စလိုလုပ်ပြီး ထုတ်လုပ်ထားသလို တစ်ခုခု လိုအပ်နေသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတာကတော့ Galaxy Gear ဟာ စိတ်ကူးထဲက လိုလားတောင့်တနေတဲ့ gadget တစ်ခု ဖြစ်မလားဘူး ဆိုရင်တောင် အသုံးတော့ ဝင်ပါလိမ့်မယ်။ ရင်ထဲမှာ စွဲကျန်ရစ် ခဲ့ပါလိမ့်မယ်။


ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

Galaxy Gear ကို ဘာလင် IFA နည်းပညာပြပွဲမှာ စတင်ထုတ်ဖော် ပြသသွားကတည်းက မျှော်မှန်းထားသလောက် မဟုတ်သေးဘူး ဆိုတာကို မြင်ခဲ့ရပါတယ်။ Samsung အနေနဲ့လည်း Galaxy Gear ရဲ့ လိုအပ်ချက်တွေကို သိနေပါတယ်။ Galaxy Gear 2 မှာတော့ ယခုထက် အများကြီး ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

Galaxy Gear ဟာ ၁ စင်တီမီတာနီးပါး ထူတာကြောင့် သာမန် လက်ပတ်နာရီတွေထက် ကြီးမားနေသယောင် ရှိနေပေမယ့် ပတ်ဆင်အသုံးပြုရာမှာတော့ ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိပါတယ်။ Gear ရဲ့ လက်ပတ်ကြိုးကို အနက် ၊ မီးခိုး ၊ လိမ္မော် ၊ အညိုနု ၊ ရွှေ ၊ အစိမ်း စသဖြင့် အရောင်မျိုးစုံနဲ့ ထုတ်လုပ်ထားသော်လည်း ကင်မရာ ပါရှိနေတာကြောင့် ပြောင်းလဲတပ်ဆင်လို့တော့ မရပါဘူး။ ပတ်ဆင်ရတာ လွယ်ကူသလို အံဝင်ခွင်ကျလည်း ရှိပါတယ်။ တစ်ခုတည်းသော ပါဝါခလုတ်ကိုတော့ Gear ရဲ့ ညာဖက်ခြမ်းမှာ တွေ့ရပါလိမ့်မယ်။


စွမ်းဆောင်ရည်


Galaxy Gear ဟာ Bluetooth 4.0 ကို အသုံးပြုထားလို့ ဘက္ကထရီသက်တမ်း ကြာရှည်ခံစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ အားအပြည့်နဲ့ ဘက္ကထရီဟာ အသုံးပြုတဲ့နှုန်းအပေါ် မူတည်ပြီးတော့ ပျှမ်းမျှအားဖြင့် ၂ ရက်ကျော် ခံနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

၁.၆ လက်မသာကျယ်တဲ့ မျက်နှာပြင်မှာ ပုံထွက်နှုန်း 320 x 320 pixels ရှိတာကြောင့် သင့်တင့်တဲ့ ပုံရိပ်များကို တွေ့ရှိရမှာဖြစ်သလို 800MHz စွမ်းအားရှိတဲ့ ပရော်ဆက်ဆာက ဤစမတ်နာရီရဲ့ လုပ်ဆောင်ချက်အားလုံးကို အကောင်းဆုံး မောင်းနှင်ပေးနိုင်စွမ်း ရှိပါတယ်။

ကင်မရာကတော့ 1.9 Megapixel ရှိပြီး ပုံထွက် အရေအသွေးလည်း မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ မိုက်ကရိုဖုန်း ၂ ခုနဲ့ စပီကာ ၁ ခု ပါဝင်ပြီး ကြည်လင်ပြတ်သားတဲ့ အသံစနစ်လို့ ဆိုနိုင်ပါတယ်။ Headphone တပ်ဆင်ဖို့ အပေါက်တော့ မပါပါဘူး။


လုပ်ဆောင်ချက်များ


အခြေခံ လုပ်ဆောင်ချက်များဟာ ကျစ်လစ်ပြီး ထိထိမိမိရှိကာ အသုံးပြုရ လွယ်ကူပါတယ်။ ပါဝါခလုတ်ကို နှိပ်လိုက်တာနဲ့ ပထမဆုံး တွေ့ရမှာကတော့ နာရီမျက်နှာစာ (Watch Face) နဲ့ Alarm app တို့ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း အလိုရှိသလို ပုံစံပြောင်းလို့ ရနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ရိုးရှင်းလွယ်ကူလှပါတယ်။ App တွေအကြား ကူးပြောင်းဖို့ဆိုရင် သင့်လက်ညှိုးနဲ့ မျက်နှာပြင်ပေါ် ဘယ်-ညာ swipe လုပ်ပေးရုံပါပဲ။ အပေါ်မှ အောက်သို့ swipe လုပ်ရင်တော့ မူလနေရာကို ပြန်ရောက်ပါလိမ့်မယ်။ အသုံးများတဲ့ App တွေဖြစ်တဲ့ ကင်မရာ ၊ ဖုန်းခလုတ် (Dialler) ၊ အသိပေးစနစ် (Notifications) တို့ဟာ အထူးလွယ်ကူပြီး ရှင်းလင်းပြတ်သားပါတယ်။

သင့်ထံကို ဖုန်းဝင်လာတယ် ဆိုရင် နာရီရဲ့ မျက်နှာပြင်မှာ လာပေါ်ပါလိမ့်မယ်။ အဲဒီအခါမှာ လက်ချောင်းလေးနဲ့ slide လုပ်ပြီး Gear ကို မိမိရဲ့ ပါးစပ်နဲ့ ကပ်ကာ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ မှန်ပါတယ်။ ရုပ်ရှင်တွေထဲကလိုပါပဲ။ S-Voice လည်း ထည့်သွင်းပေးထားတာကို တွေ့ခဲ့ရပြီး အခက်အခဲမရှိ သုံးစွဲနိုင်ခဲ့ပါတယ်။

Galaxy Gear အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ App တွေလည်း ရှိနေပါပြီ။ App တွေကို install/uninstall လုပ်ဖို့ကတော့ Gear နဲ့ ချိတ်ဆက်ထားတဲ့ စမတ်ဖုန်း (သို့) တက်ဘလက် (လောလောဆယ်တွင် Note 3) မှာပါတဲ့ Gear App ကနေတဆင့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Gear App ဟာလည်း အသုံးပြုရ ခက်ခဲခြင်း မရှိပါဘူး။ ကျွန်တော်တို့ အမြင်ကတော့ Galaxy Gear ရဲ့ လုပ်ဆောင်ချက်များဟာ App များအပေါ် မှီခိုနေပြီး လက်ရှိမှာတော့ သုံစွဲသူတွေကို ဖမ်းစားနိုင်လောက်တဲ့ App တွေဟာ လုံလောက်တဲ့ ပမာဏ မရှိသေးပါဘူး။


အသိပေးစနစ် (Notification System)


Galaxy Gear ရဲ့ Notification System (သို့) အချက်ပေးစနစ်ဟာ မိမိရဲ့ စမတ်ဖုန်း (သို့) တက်ဘလက်ထဲကို ဝင်ရောက်လာတဲ့ အချက်အလက်တွေကို push လုပ်ပေးပြီး အသိပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာ တစ်ခုကတော့ Galaxy Gear ဟာ အသိပေးရုံပဲ ပြုလုပ်နိုင်ပြီး မြင်ကွင်းပေါ်မှာ ဖော်ပြနိုင်စွမ်း မရှိပါဘူး။ ဒါဟာ Galaxy Gear ရဲ့ အဆိုးဆုံး အချက်ပါပဲ။

ဥပမာ - Facebook မှာ မက်ဆေ့ခ်ျရတယ်ဆိုရင် Galaxy Gear ကနေ သင့်ကို Buzz လုပ်ပြီး အသိပေးပါလိမ့်မယ်။ အဲဒီအခါမှာ မိမိရဲ့ စမတ်ဖုန်း (သို့) တက်ဘလက်ကိုဖွင့်ပြီး ကြည့်ရပါမယ်။ ဒါအခြေအနေမှာ သုံးစွဲသူများအနေနဲ့ မိမိရဲ့ စမတ်ဖုန်း (သို့) တက်ဘလက်မှာ တန်းကြည့်ဖို့ကို ပိုမိုအားသန်နေ ပါလိမ့်မယ်။ Buzz လုပ်ခံရပေါင်း များလာတဲ့အခါမှာ စိတ်အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။


နိဂုံး


သင့်အနေနဲ့ Galaxy Gear ကို ဝယ်ပြီးပြီ ဆိုရင်တော့ တဖြေးဖြေးနဲ့ အသားကျသွားမှာပါ။ အချိန်ကြာလာ တာနဲ့အမျှ လုပ်ဆောင်ချက် တွေလည်း များပြားလာဖွယ်ရှိပြီး အသုံးဝင်တဲ့ စမတ်နာရီ ဖြစ်လာပါလိမ့်မယ်။ လက်တွေ့ အသုံးတည့်မယ့် App တွေ အမြန်ဆုံး ပေါ်ထွက်လာပါစေလို့ ဆုတောင်းရုံပါပဲ။ အရမ်းကို လိုအပ်နေပါတယ်။

လိုအပ်ချက်များစွာ ရှိနေသေးတဲ့ Galaxy Gear ကို Samsung အနေနဲ့ မကြောက်မဝံ့ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ Apple နဲ့ ကွာတဲ့ အချက်ပါပဲ။ Apple မှာလည်း တန်းတူအရေအသွေးရှိတဲ့ iWatch တစ်လုံး ရှိနေမယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။ ဒါပေမယ့် ဈေးကွက်တုန့်ပြန်မှု မကောင်းမှာကို စိုးရိမ်ပြီး ထုတ်ဖော်ပြသခြင်း မပြုတာလည်း ဖြစ်နိုင်ပါတယ်။

အတိုချုပ်ပြီး ပြောရမယ်ဆိုရင်တော့ Galaxy Gear ဟာ စမတ်နာရီ ပြိုင်ပွဲကြီးကို စတင်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။ Apple က ဘယ်လိုတုန့်ပြန်မယ် ၊ Sony တို့ LG တို့ကကော ဘာတွေထပ်ထုတ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။ လက်ရှိအချိန်မှာတော့ သင့်အနေနဲ့ Galaxy Gear ကို ဝယ်ယူဖို့ဆိုရင်တော့ ဒီဇိုင်းပုံစံ၊ အသုံးဝင်ပုံနဲ ဈေးနှုန်းတို့ပေါ် မူတည်ပြီး စဉ်းစားချင့်ချိန်ဖို့ လိုပါလိမ့်မယ်။
 

No comments:

Post a Comment