“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, December 28, 2012

ချောင်းဘာကြောင့် ဆိုးတာလဲ ......

Photo: ချောင်းဘာကြောင့် ဆိုးတာလဲ ......

“ချောင်းဆိုး” တယ် ဆိုတာဟာ လှုံ့ဆော်ချက် တစ်ခုကို ရုတ်တရက် ထပ်တလဲလဲ တုံ့ပြန်မှု ဖြစ်ပါတယ်။ ဘာတွေကို တုံ့ပြန် ရတာလဲ ဆိုတော့ ကူးစက် ရောဂါ ပိုးတွေ၊ ပြင်ပက အမှုန် အမွှားလေးတွေ၊ ကသိ ကအောက် ဖြစ်စေတဲ့ အရာတွေနဲ့ ချွဲတွေကို အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ရှင်းသွားအောင်၊ သန့်စင် သွားအောင် ခါထုတ်ပစ် လိုက်တဲ့ သဘောပါပဲ။ 

အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ချောင်းတစ်ခါ ဆိုးဖို့ရာ တုံ့ပြန်မှု တစ်ခု တိုင်းမှာ ကဏ္ဍသုံးခု ဆက်တိုက် ဖြစ်ပွား သွားရတယ်။ အဲဒါက တော့ ပထမ လေကို ရှူသွင်း လိုက်ရတယ်။ ပြီးနောက် ပိတ်ထားတဲ့ အသံအိုး အဖုံး (Glottis) တစ်ခုကို ဆန့်ကျင်ပြီး ခပ်ပြင်းပြင်းလေး လေကို အပြင်ဘက် ထုတ်ပစ် ရပါတယ်။ အဲဒီလို ထုတ်လိုက် ချိန်မှာ အဆုတ် ထဲက လေ တွေဟာ အသံအိုး ဖွင့်လာချိန်မှာ ပရမ်းပတာ အပြင်ဘက်ကို လှိမ့်ထွက်ရတဲ့ အတွက် ချောင်းဆိုးသံလို့ ခေါ်တဲ့ ချောင်း ခြောက်ဆိုး သံ (သလိပ်သံ မကြားရ)၊ ချောင်းစို ချောင်းဆိုးသံ (သလိပ်သံ ချွဲသံ ပါလာ) အသံ ကျယ်ကျယ်ကြီး ထွက်လာတော့ တာပါပဲ။ အောင့်ထားလို့ မရတဲ့အရာတွေ ထဲမှာ အချစ်၊ ချောင်းဆိုးသံနဲ့ လေလည်သံ ပါတယ်လို့ ဟာသ စကားလေး တစ်ခုတောင် ရှိပါတယ်။
 ချောင်းဆိုး တာဟာ လုပ်ယူလို့လည်း ရသလို တစ်ခါတစ်ရံ သူ့ဘာသာသူ အလိုလို ချောင်းဆိုး လိုက်ရ တာလည်း ရှိပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေထဲမှာ ဒါမှမဟုတ် နောက်ပြောင်ချင်တဲ့ အခါ “ချောင်းဟန့်သံလေး” ပေးလိုက်တာမျိုး လုပ်လို့ ရပါတယ်။

 မကြာခဏ ချောင်းဆိုး နေပြီ ဆိုရင်တော့ အထူးသဖြင့် ချောင်းဆိုးတာ သုံးပတ် ကျော်လာရင် ဒါဟာ ရောဂါ တစ်ခု ဖြစ်တော့မယ်လို့ သင့်အား သတိပေးနေပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပိုးတွေ၊ ဗက်တီး ရီးယား ပိုးတွေက သင့်ရဲ့ အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ချောင်းဆိုး လာစေဖို့ လာရောက် နားခိုတတ် ပါတယ်။ 

သူတို့ဟာ နောက်ထပ် ပိုးအသစ်တွေ ပျံ့နှံ့ လာစေ ဖို့လည်း ကူညီ တတ်ပါသေး တယ်။ အချိန် အများစုမှာတော့ ချောင်းဆိုး ကြရတာဟာ အသက်ရှူ လမ်းကြောင်း တစ်လျှောက် ပိုးတွေ ဝင်ရောက် အတွယ်ခံရလို့ ဖြစ်တယ်။ အဲဒီ အသက်ရှူ လမ်းကြောင်း ပိုးတွယ်မှု တွေက ဆေးလိပ် သောက်ခြင်း၊ လေထု ညစ်ညမ်းခြင်း၊ ပန်းနာ ရင်ကျပ် ရောဂါရှိခြင်း၊ တုပ်ကွေး ရောဂါ၊ တီဘီ ရောဂါ၊ အဆုတ် ကင်ဆာ စသည်ဖြင့် ဖြစ်ရတဲ့ အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင် ပါတယ်။ ဒီ့ပြင် ဖြစ်နိုင်တဲ့ အကြောင်းရင်း အမျိုးစုံ ရှိသေးတယ်။ အစာစားရင်း သီးသွားလို့ ချောင်းဆိုး လိုက်ရတာမျိုး၊ ဓာတ်မတည့်မှုကြောင့်၊ အစာရေမျိုနဲ့ အစာအိမ် လမ်းကြောင်း ဆိုင်ရာ တုံ့ပြန်မှု ရောဂါနှင့် နှာခေါင်း ပိုက်သွင်း ခံရပြီးနောက် ချောင်းဆိုး တာမျိုးလည်း ရှိတယ်။ နာတာရှည် လေပြွန် ရောင်ရမ်းခြင်း ရောဂါ၊ အဆုတ်ပွ ရောဂါ၊ နှလုံး အားနည်း ရောဂါ (Heart Failure) ကြောင့်လည်း ချောင်းဆိုး နိုင်သလို တစ်ခါတစ်ရံ ဆရာဝန် ပေးတဲ့ ဆေးတွေ ကြောင့်လည်း ချောင်းဆိုး တတ်ပါ သေးတယ်။ ဥပမာ- သွေးတိုး ရောဂါမှာ ပေးလေ့ ရှိတဲ့ ACE Inhibitors တွေကလည်း ချောင်းဆိုး စေတတ် ပါသေးတယ်။

 တစ်ခါတလေ ချောင်းဆိုး တာဟာ လူကို နေရထိုင်ရ ခက်စေ ပါတယ်။ လည်ချောင်း ယားယား လာသလို၊ လည်ချောင်း မှာ ခပ်စပ်စပ်လေး ခံစား ရတယ်။ သီးလိုက်လို့ ချောင်းဆိုးရင် အစား စားထားတာမို့ စားပြီးသား အစာတွေ နှာခေါင်း ထဲကတောင် ပြန်ထွက် တတ်ပါ သေးတယ်။ တစ်ခါတစ်ရံ မျက်ရည် တွေတောင် ထွက်လာပါရော။

 ဒီနေရာမှာ ချောင်းဆိုးတာဟာ Alergy လို့ အပြောများတဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်သလို၊ အချစ်တော် တိရစ္ဆာန်လေးတွေ အထူး သဖြင့် အမွေးပွ ခွေးတွေ၊ ကြောင်တွေ မွေးတဲ့ ပိုင်ရှင်တွေမှာ အသက်ရှူ လမ်းကြောင်း တစ်လျှောက် (အမွေး ကျွတ်ပြီး ထိုအမွေးတွေက ကသိကအောက် ဖြစ်စေကာ) မှာ ရောင်ရမ်း လာမှု ကြောင့် ချောင်းဆိုး ရတာမျိုးတွေ မကြာခဏ တွေ့ရှိ နေရ ပါတယ်။ ဒါကြောင့်......

 ချောင်းဆိုးရင် ဘာကြောင့် ချောင်းဆိုးရတာလဲ ဆိုတဲ့ အကြောင်းရင်း အမှန်ကို အရင်သိဖို့ လိုပါတယ်။ ထို အကြောင်းရင်း အမှန်ကို ဖယ်ရှား ပစ်နိုင်ရင် ချောင်းဆိုးတာ ကိုလည်း သက်သာ ပျောက်ကင်းအောင် လုပ်နိုင်ပါပြီ။ ဥပမာ- အိမ်မွေး တိရစ္ဆာန်လေးတွေ မွေးထားသူ တစ်ဦးဟာ လည်ချောင်း ယားယား လာပြီး ချောင်းမကြာခဏ ဆိုးလာပြီဆိုရင် ထိုအိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ ဝေးဝေး နေဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် သူတို့နဲ့ ထိတွေ့ ကိုင်တွယ် နေသမျှ ၄င်းတို့ထံမှ အမွေးတွေ ကျွတ်ပြီး ထိုသူ့ အဝတ်အစားနှင့် လက်များမှ တစ်ဆင့်သော် လည်းကောင်း၊ လေထဲမှာ ပျံ့လွင့်နေ၍ သော်လည်းကောင်း ပါးစပ်နှင့် လည်ချောင်း ထဲသို့ ဝင်လာပြီး ကသိကအောက် ဖြစ်စေ နိုင်ကာ ချောင်းဆိုး လာတတ် ပါတယ်။ ၄င်းတို့နဲ့ ကင်းသွား တာနဲ့ ချောင်းဆိုးခြင်း မရှိတော့ပါ။

 ချောင်းဆိုး ခြင်းကြောင့် တချို့သော သူတွေမှာ ရောဂါ ဝေဒနာ အပြင်းအထန် ခံစား ရတတ် ပါတယ်။ ဥပမာ SARS လို၊ ကြက်ငှက် တုပ်ကွေးလို ရောဂါ တွေကြောင့် အဆုတ်ပွတဲ့ အထိ နောက်ဆက်တွဲ ရောဂါ ဝေဒနာတွေ ခံစား ကြရပြီး ပြင်းထန် တတ်သလို အသက် အန္တရာယ် တောင် ဖြစ်လာ နိုင်ပါ သေးတယ်။ ချောင်းဆိုး တာကြောင့် ချောင်းဆိုး ပျောက်ဆေးတွေ ရောင်းအား တက်နေ တာတော့ အမှန်ပင် ဖြစ်ပါတယ်။ တကယ် ချောင်းဆိုး ဝေဒနာ ခံစား လာရပြီ ဆိုရင် မည်သူမဆို ချောင်းဆိုးတဲ့ ရောဂါ ပျောက်ချင် ကြတာပါ။

 ချောင်းဆိုးတာ ကြာလာရင် ရင်ဘတ်တွေ အောင့်အောင့် လာတဲ့ အထိ ခံစား ကြရတော့ ခံစားရတဲ့ လူနာ အဖို့လည်း မသက်သာ သလို နံဘေးမှာ ရှိနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အိမ်သားတွေ အဖို့လည်း ကူးစက် ခံရမှာ စိုးရွံ့ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေ တာမို့ ပြောင်းလဲ လာတဲ့ ရာသီဥတုနှင့် အညီ ကူးစက် ရောဂါ ပိုးတွေ အဝင် မခံ ရလေအောင် မိမိကိုယ်ကို မိမိ ကာကွယ် စောင့်ရှောက် ကြဖို့ လိုပါတယ်။Health

ချောင်းဆိုးတာ ကြာလာရင် ရင်ဘတ်တွေ အောင့်အောင့် လာတဲ့ အထိ ခံစား ကြရတော့ ခံစားရတဲ့ လူနာ အဖို့လည်း မသက်သာ သလို နံဘေးမှာ ရှိနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အိမ်သားတွေ အဖို့လည်း ကူးစက် ခံရမှာ စိုးရွံ့ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေ တာမို့ ပြောင်းလဲ လာတဲ့ ရာသီဥတုနှင့် အညီ ကူးစက် ရောဂါ ပိုးတွေ အဝင် မခံ ရလေအောင် မိမိကိုယ်ကို မိမိ ကာကွယ် စောင့်ရှောက် ကြဖို့ လိုပါတယ်။
 
Health
http://www.facebook.com/mg.mandalay

No comments:

Post a Comment