“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, August 26, 2012

နှလုံးရောဂါ သဘာဝကာကွယ်ဆေး

ယနေ့ ကမ္ဘာတွင် အသက် ၄၀-အထက် ယောက်ျားများနှင့် သွေးဆုံးပြီးသည့် အမျိုးသမီးများ အသက်ဆုံးရှုံးကြရခြင်း၏ အဓိကအကြောင်းမှာ နှလုံးသွေးကြောပိတ် လေဖြတ်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါစုသည် တချိန်က တိုးတက်ပြီးနိုင်ငံများမှ လူသားများကိုသာ ဒုက္ခပေးခဲ့၍ ယနေ့ မြန်မာနိုင်ငံ ကဲ့သို့ တိုးတက်ဆဲနိုင်ငံများမှာလည်း ရောဂါဖြစ်သည့်နှုန်းသည် တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၃၀-မှ ၃၅-အရွယ် ယောက်ျားလေးများမှာပင်လျှင် ဤရောဂါစုကို ခံစာေးနရသူတွေ တယောက်စ နှစ်ယောက်စ ဆိုသလို တွေ့မြင်နေရပါသည်။ ထို့ကြောင့်ပင်လျှင် သွေးထဲ အဆီဓာတ် မတက်ရအောင် နေ့စဉ်စားသုံးဆီကို ထက်ဝက်ခန့် လျှော့ချကြရန် သတိပေးနေရခြင်း ဖြစ်သည်။

စားသုံးဆီတွင်ပါဝင်သော အဆီဓာတ်တို့ကို အမျိုးအစားခွဲလိုက်လျှင် အောက်ပါအတိုင်း လေးမျိုးလေးစား ရှိသည်ကို တွေ့ရပါမည်။
၁။ Total Ch***sterol
စုပေါင်း ကိုလက်စထရောဓာတ်။
၂။ High Density Lypoprotein (HDL)
သိပ်သည်းဆ မြင့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၃။ Low Density Lypoprotein (LDL)
သိပ်သည်းဆ နိမ့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၎။ Total Glyceride
ဂလစ်စရိုက်ဓာတ်ပေါင်းတို့ ပါဝင်ကြသည်။


အဆိုပါ ဓာတ်ပေါင်းလေးမျိုးအနက် Total Ch***sterol က အဓိကရောဂါဖြစ်သော တရားခံ ဖြစ်ပါသည်။
Ch***sterol ဓာတ်သည် ဝက်သား၊ ဝက်ဆီ၊ ဝက်ဦးနှောက်၊ ကြက်ဥအနှစ်၊ အုန်းသီး စသည်တို့၌
ပေါများစွာပါရှိသည်။ ထို့ကြောင့် ကျန်းမာရေးကို အလေးထားသူများက ယခုအခါ ဝက်သားနှင့် အုန်းသီးတို့ကို ရှောင်နေကြပြီ ဖြစ်ပါသည်။ သို့သော် ယင်းတို့သည်လည်း အရေးကြီးသော ဓာတ်များ ဖြစ်ကြ ပါသည်။

စာရေးသူ၏ဖခင်သည် ဆီးချိုအခံရှိရာက နှလုံးသွေးကြောပိတ်ရောဂါဖြင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင်လည်း သွေးထဲ ကိုလက်စထရောဓာတ် မတက်ရအောင် အမြဲသတိပြု
နေထိုင်ခဲ့သည်။ ယင်းသို့ နေထိုင်သည့်တိုင် လွန်ခဲ့သော ငါးနှစ်လောက်က ဒေါသထွက်ရာမှ လေဖြတ်ခံရလု အဆင့် T.I.A Transient Ischaemic Attack ကို ရောက်ခဲ့သေးသည်။ ထိုအချိန်က စာရေးသူ၏သွေးထဲ ကိုလက်စထရောနှင့် သကြားဓာတ်တို့သည် မြင့်တက်နေခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခေတ်ပေါ်ကွန်ပျူတာ နည်းဖြင့် သွေးကို စစ်လိုက်သောအခါမှ Triglycerides ထရိုင်ဂလစ်စရိုက်ဓာတ်သည် ရှိသင့်သည်ထက် များစွာတက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဓာတ်တို့ကို အလေးပေး၍ ရှောင်စရာရှိသည်များကို အစားအသောက်မှ ရှောင်လိုက်ခြင်းဖြင့် ဤရောဂါစုများ ဒုက္ခပြန်မပေးတော့ခြင်း ဖြစ်သည်။


ဤသို့ သွေးထဲ ကိုလက်စထရောနှင့် အခြားအဆီဓာတ်အမျိုးမျိုးကို ချပေးနိုင်သော ဆေးဝါးများ အမျိုးမျိုးရှိကြပါသည်။ သို့သော် ဆေးတန်ဖိုးက တလအတွက် ကျပ်သုံးထောင်ကျော်မှ လေးထောင်နီးပါး သုံးရမည်ဖြစ်ပြီး အသက်သေဆုံးချိန်အထိ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆက်တိုက် သောက်သုံးရဦးမည်
ဖြစ်၍ တိုးတက်ဆဲနိုင်ငံသူ နိုင်ငံသားများအဖို့ အိပ်မက်ပင် မမက်ဝံ့နိုင်သောကိစ္စ ဖြစ်နေသည်။


သို့ကြောင့် စာရေးသူ ဆေးခန်းသို့ ရောက်လာသော လူနာများကို သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ တို့ကိုသာ ဦးစားပေး သုံးစွဲစေသင့်ကြောင်း အကြံပြုပြီး ဝက်ဆီ၊ အုန်းဆီတို့ကို ရှောင်စေခြင်း၊ ကြက်ဥ၊ ဘဲဥတို့ကို ကန့်သတ်စားသုံးစေခြင်း၊ ခန္ဓာကိုယ် အလေးချိန် မမြင့်တက်ရအောင် ထိန်းထားစေခြင်းတို့ဖြင့် အကြံပေးဖြစ်သည်။


နှလုံး ကျန်းမာသန်စွမ်းစေဖို့ ဝိုင်အရက် (Red Wine) နှင့် ဘီယာအနက် (Dark Beer) တို့ကို နည်းနည်းစီ သောက်သုံးစေခြင်း၊ ဆေးလိပ်ကို လုံးဝ ဖြတ်တောက်စေခြင်း၊ ပူပင်သောကကို တတ်နိုင်သလောက် နည်းမျိုးစုံဖြင့် လျှော့ချစေခြင်း၊ Vitamin ဆေးဝါးများဖြင့် အားဖြည့်ပေးခြင်း၊ သင့်တင့်သော အစားအသောက်များ ရွေးချယ်စားသောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။


သဘာဝနည်းဖြင့် ကိုလက်စထရောဓာတ်ကို ထိန်းခြင်း---
အောက်ပါနည်းများဖြင့်လည်း သွေးထဲမြင့်နေသော ကိုလက်စထရောကို ချပေးနိုင်ပါသေးသည်။
(၁) ကောင်းသော အဆီဓာတ်ကို ဦးစားပေး စားသုံးပါ၊ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့စေတတ်သော အဓိကဇာတ်ကောင်မှာ L.D.L ကိုလက်စထရောဓာတ်ဖြစ်သည်။ ဤ L.D.L ကိုလက်စထရောဓာတ် မတက်ရအောင် ထောပတ်အစား သာမန်ဟင်းရွက်ဆီကို အစားထိုင်းနိုင်သည်။ မလိုင်အပြည့်ပါသော နွားနို့ကို သောက်မည့်အစား မလိုင်နှုတ်ထားသောနွားနို့ကို သောက်သုံးခြင်း စသည့်နည်းများဖြင့် ကာကွယ်၍ ရ၏။


(၂) ကြက်ဥ၊ ဘဲဥများတွင် ကိုလက်စထရောဓာတ်များ ပါရှိသည့်ဟု ဆိုထားသော်လည်း H.D.L ပြည့်ဝသော ကိုလက်စထရောဓာတ် အဓိကပါဝင်သည်။ ယင်းဓာတ်တက်စေရန် ကြက်ဥ၊ ဘဲဥကို စားသုံးနိုင်ပါသည်ဟု ဆိုလာကြသည်။ သို့ကြောင့် ယခုအခါ နှလုံးရောဂါသည်များပင်လျှင် ရက်သတ္တတပတ်လျှင် ဘဲဥ၊ ကြက်ဥ နှစ်လုံးမျှကို စားသုံးစေပါသည်။ (H.D.L ကောင်းသော ကိုလက်စထရောဓာတ် တက်နေပါက မကောင်းသော ကိုလက်စထရော L.D.L ဓာတ်ကို အချိုးကျကျ ဆင်းစေသောကြောင့် ဖြစ်၏)


(၃) မကောင်းသည့် အဆီများကို ကန့်သတ်၍စားသုံးပါ။ စားသုံးသည့် အဆီသည်လည်း နေ့စဉ် စားသုံးနေသော အာဟာရဓာတ်၏ ၃၀-ရာခိုင်နှုန်းထက် မပိုစေရပါ။ ကောင်းသောအဆီဆိုသည်ကား ဟင်းရွက်ဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ ဖြစ်၍ မကောင်းသော အဆီဆိုသည်ကား ဝက်ဆီ၊ အမဲဆီ၊ အုန်းဆီတို့ကို ဆိုလိုသည်။


(၄) ခန္ဓာကိုယ် အလေးချိန် မတိုးအောင် ထိန်းထားပါ။ ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ပါက H.D.L မြင့်တက်လာပါလိမ့်မည်။


(၅) လှုပ်ရှားသွားလာပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုပါ။ လှုပ်ရှားမှုနည်းသော သွေးဆုံးပြီး အမျိုးသမီးများတွင် ထရိုင်းဂလစ်စရိုက်ဓာတ်သည် သွေးမဆုံးမီ အမျိုးသမီးတို့ထက် ၈၅-ရာခိုင်နှုန်းအထိ မြင့်တက်နေတတ် ပါသည်။
ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သွေးထဲ အဆီမျိုးစုံကို ကျစေသည်။ ကောင်းသော ကိုလက်စထရောများကို မြင့်တက်စေပါသည်။

(၆) အနီရောင် ဝိုင် သို့မဟုတ်-အနက်ရောင် ဘီယာတို့ကို နည်းနည်းစီ သောက်ခြင်းဖြင့် သွေးထဲ ကိုလက်စထရောဓာတ် အားလုံးကိုကျစေပါသည်။


(၇) ဆေးလိပ်ကို ဖြတ်ပါ။ ဆေးလိပ်သောက်သူများတွင် လူကိုအကျိုးပြုသော H.D.L ကျဆင်းစေပါသည်။ ဆေးလိပ်ဖြတ်မှသာ ယင်း H.D.L များ ပြန်တက်သွားလေ့ရှိပါသည်။


(၈) ပူပင်သောကရှိသူများ၊ ဒေါသကို အောင့်ထားရသူများ၊ ဒေါသကြီးသူများတွင် L.D.L ဓာတ် မြင့်တက်နေတတ်သည်။


(၉) ဗိုက်တာမင်မျိုးစုံထဲတွင် ဗိုက်တာမင် အီးသည် သွေးထဲရှိ L.D.L နှင့် ပေါင်းပြီး သွေးကြောထဲ
သွေးခဲပိတ်ဆို့မနေရအောင် ကာကွယ်ပေးပါသည်။
H.D.L နိမ့်ကျသည့်အခါ၊ ထရိုင်ဂလစ်ဆရိုက် မြင့်နေသည့်အခါ၊ နိုင်ရာဆင် Niacin (ဗိုက်တာမင် ဘီ တမျိုး) က အန္တရာယ်ဖြစ်မလာရအောင် အကာအကွယ် ပေးပါသည်။


(၁၀) ကောင်းသောအစားအစာများကို ပိုမိုစားပါ။ အထူးသဖြင့် ပဲအမျိုးမျိုး၊ ဘာလီ၊ လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို ပိုမိုသောက်သုံးပါ။ ဆော်လမွန်ငါး၊ ငါးကွမ်းရှက်တို့၏ အဆီများသည် ပြည့်ဝအဆီ ပါဝင်မှုနည်းသောကြောင့် လူကို အကျိုးပြုပါသည်။


ထို့ပြင် အမျှင်ပေါကြွယ်ဝသော အစားအစာများ၊ ဥပမာ-ဟင်းသီးဟင်းရွက် မျိုးစုံနှင့် သစ်သီးဝလံမျိုးစုံကို ဦးစားပေး စားသုံးစေခြင်း၊ ပဲမှ ထုတ်လုပ်ရရှိသော တိုဟူး၊ ပဲနို့ စသည်တို့ကို ဦးစားပေး စားသုံးစေခြင်း စသည့်နည်းများဖြင့် ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ယင်းအစားအသောက် များကို ရှောင်ကြဉ်ရန် ဝန်လေးနေကြသူများအတွက်လည်း ပူပင်စရာ မလိုတော့ပါ။ သင့်တော်ရာ ဆေးဝါး များကို မှီဝဲရုံဖြင့် အဆင်ပြေနိုင်ပါသည်။ ယင်းဆေးကား ဈေးလည်း များလှသည်မဟုတ်သည့်အပြင် စားသုံးရာတွင်လည်း ကရိကထ မများလှသည့်ဆေးဖြစ်သည်။


ကြားဖူးကြမည်ထင်ပါသည်။ မြောက်ဝင်ရိုးစွန်းတန်းအနီး ရေခဲတုံးများကို အိပ်ဆောက်ကာ နေထိုင်ခဲ့ကြသည့် အက်စကီးမိုး လူမျိုးတို့အကြောင်းပင် ဖြစ်သည်။ ဤလူမျိုးတို့သည်ကား ကျန်းမာရေးအမြင်အရ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းလူမျိုးတို့သည် ဗိုက်ရွှဲနေသူဟူ၍ မရှိ။ နှလုံးရောဂါတိုသည်လည်း  သူတို့ဆီမှာ မကြားစဖူး၊ ဆီးချိုရောဂါဆိုသည်လည်း သူတို့ပတ်ဝန်းကျင်တွင် အစိမ်းသက်သက်၊ သူတို့စားကြသည့် အစားအစာများကလည်း အဆီဓာတ်နှင့် ပြည့်နေသော ငါးမျိုးစုံကိုသာ အဓိကစားသုံးကြသည်။


'Eat fish to Live Long" အသက်ရှည်စေရန် ငါးကို ပိုမိုစားသုံးကြပါ။
'Eat Fat and Grow Slim"လူတွေ မဝကြရအောင် ငါးမှရသော အဆီကို သဘောရှိ စားသုံးကြပါ။ စသည့်အချက်အလက်တို့ကို ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် နောက်တိုင်းတွင်
ရောင်းမလောက်အောင် ထုတ်ဝေနိုင်ခဲ့ကြသည်။


ယင်းအချက်တို့ကို သိပ္ပံပညာရှင်များကလည်း ထောက်ခံမှုပေးထားသော စာတမ်းများလည်း ပလူပျံအောင် ထွက်ခဲ့ပြီး ဖြစ်သည်။ ယင်း အက်စကီးမိုး ဒေသ၌ ပေါများစွာ စားသုံးနေကြသော အဆီတို့ကို V-Omega အမည်ဖြင့် ကမ္ဘာတွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ယင်းဆေးလုံးများကို
မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။


နှလုံးသွေးကြောပိတ် လေဖြတ်အန္တရာယ်နှင့် နီးစပ်သောလူကြီးများ အသက်ရှည်ကျန်းမာမှုအတွက် ဤငါးများမှ ထုတ်လုပ်ရရှိသော အဆီဓာတ် ဆေးလုံးကလေးများကို မှီဝဲကြည့်ပါ။ ဆေးဝါးမဟုတ်သော (နောက်ကွယ်၌ ခေတ်ပေါ်ဆေးဝါးကဲ့သို့ အန္တရာယ်လိုက်လာမှု မရှိသော) ဤဆေးလုံးများက မုချအကူအညီ ပေးမှာ သေချာပါသည်။


ဤဆေးလုံးများသည် Vitamin A နှင့် D ဓာတ်များ ရရှိရန် သောက်သုံးလျက်ရှိကြသော ငါးကြီးဆီအလုံး နှင့် လုံးဝမသက်ဆိုင်ပါ။ ဤအဆီက အပူပိုင်းဒေသ ငါးကြီးများ၊ ကောငါးကြီးများမှ ထုတ်လုပ်ရရှိသော Cod Liver Oil အဆီ ဖြစ်သတည်း။


ဆရာဝန် တင်ရွှေ
 
post by: http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A717344&xgs=1&xg_source=msg_share_post

No comments:

Post a Comment