“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, December 20, 2012

"ချင်း" စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်


ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုး မှားခြင်းမှ ကာကွယ်ရန်အတွက် ချင်းကိုနေ့စဉ် စားသုံးပေးသင့်သည်။ ချင်းတက် အစိုကို အိမ်ရှင်မများက မီးဖိုချောင်သုံးဟင်းခတ် အမွှေး အကြိုင် အဖြစ်သုံးလေ့ရှိသည်။ ချင်းခြောက်ကို ပရဆေးပစ္စည်း အဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်းပါဝင်သည်။ အမျှင်များသော ဥအတက်မျိုးဖြစ်သဖြင့် ကင်ဆာရောဂါကို ကာကွယ်စေနိုင်သည်ဟု ဖတ်ရှုရသည်။ ချင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ်သာမက အစာကြေစေရန် အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ရှိသည်။

အအေးပတ်သူနှင့် ရေချိုးမှားသူများ၏ ကိုယ်တွင်းငုတ်လျိုးသွားသော အပူဓာတ်ကို ကြေသွားစေရန်နှင့် ပြန်လည်ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ချင်းတက်ကို ခပ်ပါးပါးလှီးဖြတ်ပြီး ချင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက်သုံးရွက်တို့ ကိုဆား အနည်းငယ် ထည့်ပြီး ရေနွေးမတ်ခွက်ကြီးတစ်ခွက်နှင့် ရောကြိုပါ။ရေနွေး သုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံးအကြီး တွင်လောင်းထည့်ပါ။ ချင်းပြုတ်ရည်ပူပူမှ ထွက်သောအငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူမှုတ်သောက်ပါ။

မျက်နှာတွင် ချွေးများစို့လာပြီး အအေးပတ်ခြင်း၊ နှာစေခြင်း၊ ခေါင်းအုံခေါင်းကိုက်ခြင်းများကို ချက်ချင်းသက်သာစေနိုင်သည်။ အမျိုးသမီးများ၊ဓမ္မတာလာချိန်တွင် အအေးပတ်၍ သွေးမဆင်း နိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းများအတွက် လည်း ချင်းထန်းလျက် ပြုတ်ရည်သည် ထိရောက်သောဆေးတစ် လက်ဖြစ်သည်။

ချင်းတက်၏ အပူကြောင့် သွေးဆင်းမှန်ကန်စေသည်။ ထန်းလျက် အမည်းတွင် သံဓါတ်ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင် သည်။ ချင်းနှင့်ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင် ပစ္စည်း များဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထားသင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအားမကောင်းသူများသည် အေးသော ရာသီဥတုတွင် ချင်းသုတ်ကို နေ့စဉ်စားသုံးသင့်သည်။ ချင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံး ရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာဖြစ်သည်။ ရှေးတိုင်းရင်းမြန်မာ ဆရာကြီးများက အေးသောဥတုတွင် အစာကြေပြီး အခိုးပွင့်စေသည့် (၁) ချင်း၊ (၂) ပိတ်ချင်း၊ (၃) ငရုတ်ကောင်း ဟူသော အစပ်သုံးပါး စားမည်ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါးဓါတ်စာအဖြစ် အလွယ်တကူရနိုင်သည်။

အအေးပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက် သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကိုပါ ကာကွယ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)
အေးချမ်းမွန်မှ SHADE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :SHADE JOURNAL

No comments:

Post a Comment