လေဖြတ် ခံရသည့် လူနာများ၏ အခြေအနေ 
တိုးတက် ကောင်းမွန် လာစေရေး အတွက် သီချင်းများ နားထောင်ခြင်းက အကျိုး 
သက်ရောက်မှု ထင်ထင်ရှားရှား ရှိကြောင်း လန်ဒန်ရှိ ပညာရှင် များက ပြောကြား 
လိုက်သည်။
 လေဖြတ်မှု ခံစား ထားရသူများသည် 
တိတ်ဆိတ်နေမှုကို နှစ်ခြိုက်လေ့ မရှိကြောင်း London Imperial Collegeမှ 
ဒေါက်တာ ဒေးဗစ် ဆော့တိုက ရှင်းပြခဲ့သည်။
 အာရုံကြော အထူးကု တစ်ဦးဖြစ်သည့် ဒေါက်တာ
 ဆော့တိုသည် လေဖြတ်ခံ လူနာများ အနေနှင့် အနှစ်သက်ဆုံး သီချင်းများကို 
ကြားရပါက မည်သို့သော အကျိုး ကျေးဇူးများ ရရှိ နိုင်သည်ကို အသေးစိတ် 
လေ့လာသည့် သုတေသန အဖွဲ့အား ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။
လူတစ်ဦးချင်းစီ အလိုက် အကြိုက် 
ကွာခြားသော သီချင်းများကို စမ်းဖွင့် ပေးခဲ့ပြီး မှတ်တမ်း မှတ်ရာများ 
စနစ်တကျ ပြုစုခဲ့ရာ လေဖြတ်မှု အခြေအနေမှ နာလံ ထလာသူများ အတွက် စိတ်ကြိုက် 
သီချင်းများ နားထောင်ခွင့် ရခြင်းက အလွန် အကျိုး ကျေးဇူးများကြောင်း 
ဖော်ထုတ် နိုင်ခဲ့သည်။
ဒေါက်တာ ဆော့တိုက အချို့သော လူနာများသည် 
Kenya Rogersကို နှစ်သက်ကြောင်း၊ အချို့ကလည်း Frank Sinatra၏ 
သီချင်းများကို သဘော ကျကြောင်း၊ ၎င်းတို့ အကြိုက် သီချင်းများ အလိုက် 
နားဆင်ခွင့် ပေးခြင်းက အကျိုးထူးများ ပေါ်ပေါက် စေခဲ့ကြောင်း ရှင်းပြ 
ခဲ့သည်။
 ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လေဖြတ်သူ 
(၁၅၀၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၆၀) ရာခိုင်နှုန်းသည် အခြေအနေ ဆိုးရွားလေ့ 
ရှိကြောင်း သိရသည်။ ဒေါက်တာ ဆော့တိုက သီချင်းဖွင့် ပေးရာတွင် လူနာ 
တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှု အလိုက် ရွေးချယ်ရန် လိုအပ်ကြောင်း သတိ 
ပေးခဲ့သည်။
ကြိုက်နှစ်သက်သော သီချင်းများကို 
နားထောင်ခွင့် ရခြင်းကြောင့် လူမမာ ဖြစ်သူ၏ ဦးနှောက်ကို လှုံ့ဆော်မှုများ 
ပေါ်ပေါက် လာစေပြီး ထိုအခြေအနေသည် ပျော်ရွှင် ကျေနပ်နေသော လူနာအတွက် 
ရောဂါဝေဒနာမှ သက်သာ ပျောက်ကင်း စေရေး အလွန် အရေးကြီးသော သော့ချက် တစ်ခုဟု 
ညွှန်းဆို သွားသည်။
Source: DailyMail
မြ၀တီ 




