သင့်မျက်စိ ကျန်းမာရေးနဲ့ 
အမြင်အာရုံကို ထိန်းသိမ်း စောင့်ရှောက် ချင်ရင် မကြာခဏ ညင်ညင် သာသာ 
မျက်တောင် ခတ်တဲ့ အလေ့အထ ရှိဖို့ လိုအပ်ပါတယ်။
သင်ဟာ မကြာခဏ မျက်တောင် ခတ်မှသာ 
သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန် ဖုံးအုပ် 
ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိ ကျန်းမာရေး အတွက် မျက်ရည် အလွှာ 
သုံးလွှာကို မရှိမဖြစ် လိုအပ် ပါတယ်။
၁။ မျက်ရည် ပထမဆုံး အလွှာက 
မျက်စိရဲ့အဖြူသားနဲ့ ကပ်ပြီး တည်ရှိ နေပါတယ်။ ဒီအလွှာက မျက်ရည် ဒုတိယ အလွှာ 
စွဲကပ် နိုင်ဖို့ အတွက် ပရိုတင်း ကြွယ်ဝတဲ့ ရေငွေ့ တွေရဲ့ ညီညာတဲ့ အလွှာ 
တစ်ခုအဖြစ် တည်ရှိ နေပါတယ်။
၂။ဒုတိယ အလယ်လွှာ ကတော့ ရေဓာတ် များတဲ့ 
အလွှာဖြစ်ပြီး မျက်စိထဲ ဝင်ရောက်လာတဲ့ ပြင်ပ ပစ္စည်း အညစ်အကြေး တွေကို 
ဆေးကြော ဖယ်ရှားရာမှာ ကူညီ ပေးပါတယ်။ ဒါ့အပြင် ဒီအလွှာက မျက်ကြည်လွှာကို 
သတ္တုဓာတ်၊ ပရိုတင်းတွေ၊ ရေငွေ့ဓာတ်တွေနဲ့ အာဟာရ ဖြည့်ပေး ပါတယ်။
၃။ မျက်ရည် တတိယ အလွှာကတော့ အပြင်ဘက်ဆုံး 
အလွှာဖြစ်ပြီး အဆီဓာတ် ပါဝင် ပါတယ်။ ဒီအလွှာက ရေဓာတ်များတဲ့ အလယ်လွှာကို 
မြန်မြန် အငွေ့ပြန် မသွားအောင် ကာကွယ် ပေးထား တာပါ။ ဒါ့အပြင် မျက်စိနဲ့ 
မျက်ခွံကြားမှာ ချောမွေ့နေစေဖို့ အတွက်လည်း ဆောင်ရွက် ပေးပါတယ်။
သင့်မျက်စိကို အထက် ဖော်ပြပါ မျက်ရည် အလွှာ
 သုံးလွှာနဲ့ မှန်မှန် ဖုံးအုပ် မပေးရင် သင့်မျက်စိရဲ့ အာဟာရ ရရှိမှုနဲ့ 
သန့်စင်မှု လျော့နည်းပြီး မျက်စိဟာ မလိုအပ်ဘဲ ညောင်းညာ ပင်ပန်း နိုင်ပါတယ်။ 
သင့်မျက်စိ ကျန်းမာရေးနဲ့ အမြင်အာရုံ အတွက် အကောင်းဆုံး ကတော့ နှစ်စက္ကန့် 
ကနေ လေးစက္ကန့် ကြာတိုင်း ညင်ညင် သာသာ မျက်တောင်ခတ် ပေးတာပါ။ တစ်မိနစ်မှာ 
၁၅-၃၀ ကြိမ် မျက်တောင်ခတ်ခြင်း ဖြစ်ပါတယ်။ လူအများစုက သာမန် အချိန်တွေမှာ 
မကြာခဏ မျက်တောင် ခတ်တတ် ကြပေမယ့် တစ်စုံတစ်ခုမှာ အာရုံ ဝင်စား သွားတဲ့ အခါ
 မျက်တောင် ခတ်ဖို့ မေ့သွား ကြပါတယ်။
ဥပမာ- စာဖတ်တဲ့ အခါ၊ ကွန်ပျူတာ သုံးနေတဲ့ 
အခါ၊ တီဗီ ဒါမှမဟုတ် ရုပ်ရှင် ကြည့်နေတဲ့ အခါ တွေမှာ မျက်တောင် သိပ်မခတ် 
ဖြစ်ကြပါဘူး။ ဒါကြောင့် ဒီလို အချိန်တွေမှာ ဂရုစိုက်ပြီး မကြာခဏ မျက်တောင် 
ခတ်ပေးပါ။ မျက်ကပ်မှန် တပ်ထားရင်လည်း မကြာခဏ မျက်တောင် ခတ်ဖို့ အဟန့်အတား 
ဖြစ်နိုင်ပါတယ်။ မျက်ခွံရဲ့ နောက်ဘက် မျက်နှာပြင်က အတု ထည့်ထားတဲ့ မျက်နှာ 
ပြင်ပေါ်မှာ ပွတ်တိုက် နေရတဲ့ အတွက်ပါ။
ဒါကြောင့် မျက်ကပ်မှန် တွေကို 
တတ်နိုင်သမျှ အချိန်ကြာကြာ မတပ်ပါနဲ့။ မျက်တောင် မှန်မှန် ခတ်ရတဲ့ အဓိက 
ရည်ရွယ်ချက်က သင့်မျက်စိကို ချောမွေ့စေပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် 
ဖြစ်ပါတယ်။ သင့်မျက်စိနဲ့ အမြင် အာရုံအတွက် နောက်ထပ် ကောင်းမွန်တဲ့ 
နည်းလမ်း တစ်ခုကတော့ သင်ဟာ အမြင် အာရုံကို အသုံးပြုဖို့ မလိုအပ်တဲ့ အချိန်၊
 တစ်ခုခုကို စဉ်းစား နေတဲ့ အချိန်မျိုးမှာ မျက်စိကို ခဏလေး ပိတ်ပြီး အနား 
ပေးတာပါ။ ဥပမာ သင်ဟာ စာရေး နေစဉ် ဒါမှမဟုတ် E-mail ပို့ဖို့ စာရိုက် 
နေစဉ်မှာ နောက်ထပ် ဘာရေး ရမလဲလို့ စဉ်းစား နေတဲ့ အချိန်မှာ မျက်စိကို ခဏ 
ပိတ်ထားတာက သင့်မျက်စိတွေ ညောင်းညာ ပင်ပန်းမှု မဖြစ်အောင် ကာကွယ် 
နိုင်ပါတယ်။